(နိုင်ငံတကာ) ဇန်နဝါရီ ၂၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်နှင်ဒဏ်ပေးသည့်လူများအား လက်မခံသည့် ကိုလံဘီယာကို အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
တရားမဝင်ရွှေ့ပြောင်း နေထိုင်သူများ ပြန်လည်ပို့ဆောင်သည့် စစ်ဘက်လေယာဉ်နှစ်စင်းအား ဆင်းသက်ခွင့်မပြုခဲ့သည့်အတွက် ယခုလို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်းသိရသည်။
ကိုလံဘီယာမှ အမေရိကန်သို့တင်သွင်းမည့် ကုန်ပစ္စည်းအားလုံးအား စည်းကြပ်ခွန်များ ချက်ချင်းချမှတ်မည်ဖြစ်ပြီး တစ်ပတ်အတွင်း ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟုဆိုသည်။
ကိုလံဘီယာသမ္မတ ဂူစတာဗို ပီထရိုကလည်း အမေရိကန်အား လက်တုန့်ပြန်ပြီး အမေရိကန်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအား ၂၅ ရာခိုင်နှုန်းအခွန်စည်းကြပ်မည်ဟု ပြန်လည်ကြေညာခဲ့သည်။
ပီထရိုက အမေရိကန်စစ်တပ်လေယာဉ်များအား ဆင်းသတ်ခွင့်ပယ်ချပြီးနောက် “ကျွန်တော်တို့နိုင်ငံသားတွေကို ရာဇဝတ်ကောင်တွေလို မဆက်ဆံဘဲ အရပ်ဘက်လေယာဉ်နဲ့ပို့မယ်ဆိုရင် လက်ခံမယ်”ဟု တုန့်ပြန်ခဲ့သည်။
ထရမ့်သည် ကိုလံဘီယာသမ္မတ၏ တုန့်ပြန်မှုအား မကျေမနပ်ဖြစ်ကာ ၎င်းနိုင်ငံ၏ အစိုးရအရာရှိများအား ပိတ်ဆို့အရေးယူသွားမည်ဖြစ်ပြီး ခရီးသွားလာခွင့် ဗီဇာရုတ်သိမ်းမှုများ လုပ်ဆောင်သွားမည်ဟု တုန့်ပြန်ခဲ့သည်။
အမေရိကန်သည် ကိုလံဘီယာမှ နှစ်စဉ် ဒေါ်လာ နှစ်ဘီလီယံတန်ကြေးရှိ ကော်ဖီနှင့် သစ်သီးများ ပန်းနှင့် ဆီကြမ်းများတင်သွင်းနေရသည့် နိုင်ငံလည်းဖြစ်သည်။
Telegram»…
https://t.me/positiveanglenews