(ပြည်တွင်း) ဇန်နဝါရီ ၂၄

ပုပ္ပားတောင်မကြီးရှိ ကျောက်စိုင်ကျောက်သားများထက် နှစ်သက်တမ်းပိုစောသည့် ဘူမိနယ်မြေ(၅)အဖြစ် သတ်မှတ်ထားသော ကိုင်းကျေးရွာနှင့် မြိုင်သာယာကျေးရွာကြား ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းမကြီးဘေးရှိ တောင်နီတောင်မှာရှိတဲ့ တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များကို မည်သူမဆိုလေ့လာနိုင်ကြောင်း သိရပါတယ်။
ကျောက်ပန်းတောင်းမြို့နယ် အရှေ့မြောက်ဘက်ရှိ ပုပ္ပားတောင်သည် နှစ်သန်းပေါင်းများစွာက မီးတောင်ရှင် တစ်လုံးဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာများ၊ ချော်တုန်းချော်ခဲများ နှစ်ကာလကြာမြင့်လာချိန် အသွင်ပြောင်း လာရာမှ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်စိုင်ကျောက်သားများဖြစ်လာပြီး တောင်နီတောင်အပေါ်ယံအလွှာကို ချယ်ဆီဒိုနီ (Chalcedony) အမျိုးအစားဆီလီကာများ မြေစေးတွင်းထွက်များဖြစ်သည့် ကေအိုလင်နိုက်(Kaolinite)နှင့် အလူနိုက် (Alunite) တို့ဖြင့် ဖုံးအုပ်ထားသည်ကို လေ့လာတွေ့ရှိနိုင်ပါတယ်။
ဘူမိသက်တမ်းအားဖြင့် တောင်နီတောင်တွင် တွေ့ရှိရ သည့် မီးသင့်ကျောက်များသည် ပုပ္ပားတောင်မကြီးရှိ မီးသင့်ကျောက်များထက် သက်တမ်းပိုရင့်ကြောင်း သိရပါတယ်။
တောင်နီတောင်တွင် ဆီလီကာကြွယ်ဝသည့် ချော်မှုန့်ကျောက်များနှင့် ဆီလီကာမကြွယ်ဝသည့် ချော်မှုန့်ကျောက် များအပြင် ရိုင်အိုလိုက်ကျောက်များကိုလည်းတွေ့ရှိရကာ တောင်နီတောင်ရှိ မြေနမူနာနှင့် ကျောက်နမူနာများကို ဓာတ်ခွဲစမ်းသပ်မှုအရ ရွှေနှင့်ကြေးနီသတ္တုအနည်းငယ်ပါဝင်နေတာဖြစ်ပါတယ်။
အဆိုပါ ဘူမိနယ်မြေ (၅) တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များကို တက္ကသိုလ် ဘူမိဗေဒ ကျောင်းသားများနှင့် စိတ်ပါဝင်စားသူများလာရောက်လေ့လာသင့်သည့် နေရာဒေသတစ်ခုဖြစ်ကြောင်း ပုပ္ပားတောင် ဥယျာဉ်အုပ်ချုပ်ရေးမှူးထံမှ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews