ပန်းသီးရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ

(ကျန်းမာရေး)ဇန်နဝါရီ  ၂

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ပန်းသီးရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

       ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ဒါဆိုရင်တော့ သတင်းကောင်းပါပဲ။ ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။ ပန်းသီးဟာ နေ့စဉ်မှီဝဲစားသုံးပေးသင့်တဲ့ သစ်သီးဝလံ ၁၀ မျိုးထဲမှာပါဝင်တဲ့ သစ်သီးတစ်မျိုးပါ။ ပန်းသီးကို နေ့စဉ်မှီဝဲတဲ့အခါမှာ မထင်မှတ်ထားလောက်အောင်ကို သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

      ပန်းသီးမှာ အရွယ်တင်နုပျိုစေပြီး ကင်ဆာရောဂါ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုးကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေ၊ အစာကြေစေတဲ့ အမျှင်ဓါတ်တွေ၊ လူ့ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။

       နေ့စဉ်ပန်းသီးမှီဝဲစားသုံးပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။
• ရေဓာတ်ဖြည့်တင်းပေးမယ် – ရေဓာတ်ကြွယ်ဝတဲ့ ပန်းသီးမှာ ၈၅% လောက်က ရေဓာတ်လို့ဆိုပါတယ်။ ဒီအချက်က သင့်ကို ရေဓာတ်မဆုံးရှုံးအောင် ကူညီပေးမှာဖြစ်ပါတယ်။
• ကိုယ်အလေးချိန် ထိမ်းညှိပေးမယ် – ဗီတာမင် C နဲ့ တခြားသော သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ ပန်းသီးကို နေ့စဉ်မှီဝဲတာဟာ ခန္ဓာကိုယ် ကိုယ်ရေစစ်ပြီး သွယ်လျစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဝိတ်ချနေသူတွေအတွက် သင့်လျော်တဲ့ အစားအစာတစ်ခုပါ။
• ဗိုက်ဝစေတယ် – ပန်းသီးကို အသီးအတိုင်းစားမယ်ဆိုရင် အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဆာလောင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒီတော့ ကယ်လိုရီအပိုတွေ ထပ်ပြီးမမှီဝဲဖြစ်အောင် ပန်းသီးက ကူညီပေးမှာပါ။
• ဆီးချိုနဲ့ သွေးတွင်းသကြားဓာတ်ကို ထိမ်းချုပ်ပေးတယ် – ပန်းသီးကို ဆီးချိုသမားတွေလည်း မှီဝဲနိုင်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုကိုထိမ်းချုပ်ပေးနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း တည်ငြိမ်စေတဲ့ သတ္တိရှိတာကြောင့်ပါ။
• ဝမ်းဗိုက်ကျန်းမာစေမယ် – ပန်းသီးမှာပါရှိတဲ့ Pectin လို့ခေါ်တဲ့ အမျှင်ဓာတ်တစ်မျိုးဟာ Prebiotic အဖြစ် ဝမ်းဗိုက်ကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ဝမ်းဗိုက်ပိုင်းမှာ ကောင်းမွန်အကျိုးရှိစေတဲ့ ဘက်တီးရီးယားလေးတွေအဖြစ် အစာခြေစနစ်ကို ကူညီပေးမှာပါ။
• ကိုလက်စထရောကို လျော့ကျစေတယ် – ပန်းသီးက ပျော်ဝင်စေတဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးဖြစ်ပါတယ်။ ဒါကြောင့် ကိုလက်စထရောလျှော့ချရမှာ အရမ်းအထောက်အကူဖြစ်စေပါလိမ့်မယ်။ သွေးမတိုးအောင်တားဆီးနိုင်သလို လေမဖြတ်အောင်လည်း ကာကွယ်ပေးပါလိမ့်မယ်။
• ဦးနှောက်နဲ့ အာရုံကြောကို ကျန်းမာစေတယ် – ပန်းသီးကို နေ့စဉ်မှီဝဲမယ်ဆိုရင် အာရုံကြောဆဲလ်တွေကို စိတ်ဖိစီးမှုရန်ကနေ ကာကွယ်ပေးမှာဖြစ်ပြီးတော့ ဒီအချက်က အသက်အရွယ်ကြီးရင့်လာချိန်မှာ Alzheimer’s disease မဖြစ်စေဖို့ အဓိက အချက်ဖြစ်လာမှာပါ။

ဘယ်ပန်းသီးကို မှီဝဲကြမှာလဲ

       ပန်းသီးစားခိုင်းတာတော့ ဟုတ်ပါပြီ။ အနီစားရမှာလား၊ အစိမ်းစားရမှာလားဆိုတဲ့ မေးခွန်းကရှိလာပါတယ်။ ပန်းသီးဆိုတာကလည်း မျိုးစိတ်က ခပ်များများမဟုတ်လား။ ဒါပေမယ့် စိတ်မရှုပ် ထွေးပါနဲ့ ဘယ်ပန်းသီးဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူကို အကျိုးပြုတာချည်းပါပဲ။ အနီကတော့ Antioxidant ပါဝင်မှု အနည်းငယ်ပိုများပါတယ်တဲ့။

ပန်းသီးကို ဘယ်လိုစားသင့်သလဲ

      ပန်းသီးလေးတွေဟာ ဆားဓာတ်နဲ့ အဆီဓာတ်နည်းပြီး အမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီး မှာ ပါဝင်တဲ့ flavonoid လို့ခေါ်တဲ့ ပစ္စည်းလေးက ကျန်းမာရေးအတွက် အင်မတန်အထောက်အ ကူ ပြုနိုင်ပါတယ်။ တကယ်လို့ သင်က ပန်းသီးအခွံကို နွှာလိုက်ပြီး အထဲက အသားကိုပဲ စားမယ်ဆိုရင်တော့ အဲဒီ flavonoid နဲ့ အမျှင်ဓာတ်ပမာဏတွေ အများကြီး လျော့နည်းသွားမှာပါ။ ပန်းသီးကို အခွံ မနွှာဘဲစားမယ်ဆိုရင် ဒီလို အကျိုးကျေးဇူးတွေ ရနိုင်ပါတယ် –

• အစာမကြေတဲ့ ပြသနာတွေ၊ ဝမ်းရောဂါတွေကို ကူညီကာကွယ်ပေးနိုင်တယ် ။ ပန်းသီးအခွံမှာပါဝင်တဲ့ pectin လို့ခေါ်တဲ့ အမျှင်ဓာတ်လေးဟာ အစာမကြေဖြစ်တာတွေကို ကူညီပေးနိုင်တဲ့အပြင် ပုံမှန်စားပေးမယ်ဆိုရင် အစာခြေလမ်းကြောင်းအတွက်ကောင်းတဲ့ ဘက်တီးရီးယားလေးတွေကို အားဖြစ်စေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောနဲ့ အခြားအစာခြေလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
• ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ ကူညီပေးနိုင်တယ် ။ ပန်းသီးတွေမှာ ကြွယ်ဝတဲ့ အမျှင်ဓာတ် နဲ့ ရေဓာတ် ပါဝင်တာကြောင့် ကိုယ်အလေးချိန်ထိန်းနိုင်ဖို့ ကူညီပေးနိုင်တဲ့အပြင် ကိုလက်စထရောလို့ခေါ်တဲ့ အဆီဓာတ်တစ်မျိုးကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့ သဘာ၀ ပစ္စည်းလေးတွေလည်း ပါဝင်တဲ့အတွက် ဝိတ်ချနေတဲ့ သူတွေလည်း စားနိုင်တဲ့ သစ်သီးလေးတစ်မျိုးပဲ ဖြစ်ပါတယ်။
• ဦးနှောက်နဲ့ ဉာဏ်ရည်ကို ကောင်းမွန်စေတယ် ။ လေ့လာတွေ့ရှိချက်တွေအရ အထူးသဖြင့် အသက်ကြီးတဲ့ သူတွေမှာ အဖြစ်များတဲ့ မှတ်ဉာဏ်ချို့ယွင်းလာခြင်း ပြသနာတွေ ကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
• နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ် ။Antioxidant စွမ်းအင်တွေရှိတဲ့ polyphenol လို့ခေါ်တဲ့ ပစ္စည်းလေးတွေဟာ ပန်းသီးအခွံမှာ ပိုပြီးများတာကြောင့် ပန်းသီးစားတဲ့အခါမှာ အခွံပါစားပေးမယ်ဆိုရင် polyphenol တစ်မျိုးရဲ့ သွေးပေါင်ချိန်ကို ချပေးနိုင်တဲ့ အစွမ်းကိုပါ ရနိုင်မှာ ဖြစ်ပါတယ်။ လေဖြတ်ခြင်းဖြစ်နိုင်ချေကိုလည်း ၂၀% လောက် လျှော့ချနိုင်တဲ့ အပြင် သွေးကြောလေးတွေကို ကာကွယ်နိုင်ခြင်း၊ ကိုလက်စထရောလို့ခေါ်တဲ့ အဆီဓာတ်ကို လျှော့ချပေးနိုင်ခြင်း စတဲ့ အစွမ်းသတ္တိတွေရှိတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။
• ဆီးချိုဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တယ် ။ပန်းသီးစားခြင်းဟာ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ insulin ဟော်မုန်းထုတ် ပေးတဲ့ pancreas gland လေးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ပန်းသီးကို တစ်နေ့တစ်လုံး ပုံမှန်စားပေးတဲ့ သူတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ချေ ပိုနည်းတာကိုလည်း တွေ့ရပါတယ်။
• ဒါ့အပြင် ပန်းသီးကို အခွံမနွှာဘဲ ပုံမှန်လေး စားပေးမယ်ဆိုရင် ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေခြင်း၊ ပန်းနာရင်ကြပ်ရောဂါကို ကူညီတိုက်ထုတ်ပေးနိုင်ခြင်း၊ အရိုး၊ အဆစ်တွေ သန်မာအောင် ကူညီပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေအများကြီးကိုလည်း ရရှိစေနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ

     သစ်သီးတွေထဲမှာ ပန်းသီးကလည်း ဗီတာမင်စီ၊ အမျှင်ဓာတ်နဲ့ ပိုတတ်စီယမ်ဓာတ်အပါအဝင်အာဟာရဓာတ်တွေကြွယ်ဝတဲ့အတွက် ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ ကျွန်တော်တို့ရဲ့ကျန်းမာရေးကို အထောက် အကူပြုနေပေမဲ့ ပန်းသီးအစားများရရင်တော့ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ –
• အစာခြေပြဿနာ ။ ပန်းသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အစာခြေစနစ်အားကောင်းစေပေမဲ့ ပန်းသီးစားတာများလွန်းမယ်ဆိုရင် လေအောင့်တာ၊ ဝမ်းချုပ်တာတွေဖြစ်လာနိုင်ပါတယ်။ လူတွေက အသက်အရွယ်နဲ့ လိင်အမျိုးအစားပေါ်မူတည်ပြီး တစ်နေ့ကို အမျှင်ဓာတ် ၂၀ ဂရမ် ကနေ ဂရမ် ၄၀ ကြားလိုအပ်ပါတယ်။ ဂရမ် ၇၀ ကျော်သွားရင်တော့ ပန်းသီးစားတာများလွန်းတယ်လို့ ဆိုရမှာပါ။ ဂရမ် ၇၀ ကျော်ဖြစ်ဖို့ ပန်းသီး ၁၅ လုံးစားဖို့ လိုအပ်ပေမဲ့ တစ်နေ့တာမှာ အမျှင်ဓာတ်ရနိုင်တဲ့ အခြားအစားအစာတွေလည်း စားဖို့တယ်ဆိုတာကို စိတ်ထဲမှတ်ထားသင့်ပါတယ်။ ဒါကြောင့် သင်က တစ်နေ့ကို ပန်းသီး (၂) လုံးထက်ပိုစားမိတယ်ဆိုရင် အစာခြေပြဿနာတွေဖြစ်လာနိုင်ပါတယ်။
• သွေးအတွင်းသကြားဓာတ်မတည်မငြိမ်ဖြစ်ခြင်း ။ ပန်းသီးတွေက စွမ်းအင်ထောက်ပံ့ပေးနိုင်တဲ့ ကာဗွန်ဟိုက်ဒရိုက်ဓာတ်မြင့်မားစွာပါဝင်ပါတယ်။ Workout မလုပ်ခင် စားပေးသင့်တဲ့ အစာပြေအစားအစာလည်းဖြစ်ပါတယ်။ ပန်းသီးက သင့်စိတ်ကိုလည်း ပျော်ရွှင်လာအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ပန်းသီးအများကြီးစားသုံးမယ်ဆိုရင် ကာဗွန်ဟိုက်ဒရိုတ်ပါဝင်မှုများတဲ့အတွက် သွေးအတွင်းသကြားဓာတ်မတည်မငြိမ်ဖြစ်လာနိုင်ပါတယ်။ ဆီးချိုရောဂါသမားတွေအတွက် ပိုဆိုးရွားစေနိုင်ပါတယ်။
• ပိုးသတ်ဆေးအများကြီးစားသုံးမိနေတာ ။ ပန်းသီးက ပိုးသတ်ဆေးအမြင့်ဆုံးပါဝင်တဲ့ အသီးနဲ့ ဟင်းသီး ဟင်းရွက်စာရင်းမှာ ပါဝင်ပါတယ်။ Diphenylamine ဆိုတဲ့ပိုးသတ်ဆေးက ပန်းသီးတွေမှာ အများဆုံးတွေ့ရပါတယ်။ ဒါကြောင့် ပန်းသီးအများကြီးစားမယ်ဆိုရင် ဓာတုပစ္စည်းအများကြီးစားသုံးမိသလိုဖြစ်စေနိုင်ပါတယ်။
• ကိုယ်အလေးချိန်များလာနိုင်တယ် ။ ပန်းသီးတွေကလည်း ကာဗွန်ဟိုက်ဒရိုက်ပါဝင်မှုများတဲ့အတွက် အများကြီးစားသုံးတာက ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ခန္ဓာကိုယ်က ကာဗွန်ဟိုက်ဒရိုက်ကို အရင်ဆုံးလောင် ကျွမ်းပေးရတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ပန်းသီးအများကြီးစားသုံးတာက ကိုယ်အလေးချိန်လျော့ချဖို့လိုအပ်တဲ့အခါ အဆီလောင် ကျွမ်းဖို့အတွက် ခန္ဓာကိုယ်ကို ကန့်သတ်ပစ်နိုင်ပါတယ်။
• သွားကို ပျက်စီးစေနိုင်တယ် ။ ပန်းသီးတွေ သဘာဝအလျောက် ချဉ်တဲ့၊ အက်ဆစ်ဓာတ်ပါဝင်တဲ့အတွက် အများကြီးစားသုံးမယ်ဆိုရင် သွားကို ပျက်စီးစေနိုင်ပါတယ်။ တစ်နေ့တာကို ပန်းသီး (၁) လုံးလောက်ပဲစားပေးမယ်ဆိုရင်တော့ သင့်သွားအတွက် စိတ်ပူစရာမလိုတော့ပါဘူး။
• အူမှာ ဖိအားနှစ်ဆဖြစ်စေတယ် ။ မကြာခဏလေထိုးလေအောင့်တဲ့သူ၊ လေထတတ်တဲ့သူတွေကိုတော့ ပန်းသီးစားသင့်တယ်လို့ ထောက်ခံချက်မပေးကြပါဘူး။ ပန်းသီးက အစာချေရတဲ့ခက်ခဲစေတဲ့အတွက် အူမှာဖိအားအများကြီးဖြစ်စေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

တစ်နေ့ကို ပန်းသီး ဘယ်လောက်စားပေးသင့်လဲ

      ပုံမှန်အားဖြင့် လူတစ်ယောက်က တစ်နေ့ကို ပန်းသီး (၁) လုံးကနေ (၂) လုံးအထိ စားပေးနိုင်ပါတယ်။

      ဘယ်လိုပဲဖြစ်ဖြစ် ပန်းသီးစားပေးတာက နေ့စဉ်ကျန်းမာရေးကို ကောင်းကောင်းအကျိုး ဖြစ်ထွန်းစေမှာဖြစ်သလို ရေရှည်အနာဂတ်အတွက်ပါ အကျိုးရှိစေမှာဖြစ်တာမို့ နေ့စဉ်ပန်း သီးတစ်လုံးစီ မှီဝဲကြည့်ကြပါလို့ တိုက်တွန်းပါရစေ။
(Crd: Yoyarlay ၊ Hello ဆရာဝန်)

#PAN