(ပြည်တွင်း) ဒီဇင်ဘာ ၂၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပတဲ့ (၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကို ၃၃ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး အဆိုပါ စာမေးပွဲမှာ စာဖြေသံဃာ ၄၆၂ ပါးအထိ ဝင်ရောက်ဖြေဆိုကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
(၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင်စတင်ကျင်းပလျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်အထိ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးသို့ ဝင်ရောက်ဖြေဆိုကြမည့် ရဟန်းသာမဏေများက အနည်းဆုံးပထမကြီး၊ ဝိနယဝိဒူ၊ သာမဏေကျော်(တတိယဆင့်) အောင်မြင်ပြီးသော ရဟန်း၊ သာမဏေများ ဖြစ်ရမည် ဖြစ်ပြီး သင်ရိုးပိဋက သုံးပုံပါဠိတော်ကျမ်းစာအုပ်များမှာ ဝိနယပိဋကကျမ်းစာအုပ်ငါးအုပ်၊ စာမျက်နှာပေါင်း ၂,၂၆၀၊ သုတ္တန္တပိဋက၊ ကျမ်းစာအုပ် သုံးအုပ်စာမျက်နှာပေါင်း ၇၇၉ မျက်နှာ၊ အဘိဓမ္မပိဋက ကျမ်းစာအုပ် ၁၂ အုပ်၊ စာမျက်နှာပေါင်း ၄,၉၈၇ မျက်နှာ၊ စုစုပေါင်းကျမ်းစာအုပ် ၂၀ ၊ စာမျက်နှာပေါင်း ၈,၀၂၆ မျက်နှာဖြစ်၍ အာဂုံပြန်ဆို အောင်မြင်ပါက “တိပိဋကဓရဘွဲ့”ကို ဆက်ကပ်ပြီး ယင်းကျမ်းစာအုပ် ၂၀ နှင့် အဖွင့်ကျမ်းများဖြစ်သည့် အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ အနုဂဏ္ဌိ စသောကျမ်းစာအုပ်များမှ အဓိပ္ပာယ်အရကောက်များကို သဘောရေးဖြေအောင်မြင်တော်မူလျှင် တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ကို ဆက်ကပ်ကာ နိုင်ငံတော်က ကုန်း၊ ရေ၊ လေ အခမဲ့အထက်တန်းခရီးသွားလက်မှတ် ရာသက်ပန်) တပည့်နှစ်ဦးအပါအဝင် လစဉ်ဆွမ်းဆန်တော်တို့ကို ဆက်ကပ်လှူဒါန်းကြောင်း သိရပါတယ်။
စာမေးပွဲကြီးစတင်ကျင်းပတဲ့ (၁၃၁၀ ပြည့်နှစ်) ၁၉၄၈ ခုနှစ်မှစ၍ ၂၀၂၄ ခုနှစ်အတွင်း တိပိဋကဓရ တိပိဋက ကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ် ၁၆ ပါး ပေါ်ထွန်းခဲ့ပြီး သက်တော်ထင်ရှား ဆရာတော် ၁၁ ပါးရှိကာ ၅ ပါး ပျံလွန်တော်မူပြီးဖြစ်ကြောင်းနှင့် တိပိဋကဓရဘွဲ့တံဆိပ်တော်ရဆရာတော် ၆ ပါးမှာ သက်တော် ထင်ရှားဆရာတော် ၅ ပါးရှိတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews