(မှုခင်း) နိုဝင်ဘာ ၁၁
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မုပွန်ရဲစခန်းမှအချုပ်ခန်းအား ဖောက်ကာ ရဲတပ်ကြပ်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသည့် တရားခံများအနက်မှ တစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် လုံခြုံရေးအဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေစဥ် ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်ရပ်၊ အောင်ဇမ္မူလမ်းပေါ်တွင် မသင်္ကာသူ တစ်ဦးအား စစ်ဆေးခဲ့ရာ အချုပ်ခန်းအားဖောက်ပြီး ရဲတပ်ကြပ်ကြီးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူ အောင်သွင်(ခ)အောင်ပု(၃၅)နှစ်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ အောင်သွင်(ခ)အောင်ပုမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက် နံနက် ၇ နာရီအချိန်ခန့်တွင် မုပွန်နယ်မြေရဲစခန်း အချုပ်ခန်းသံတိုင်များကိုဖျက်ဆီး၍ အချုပ်ခန်းအားဖွင့်ကာ ရဲတပ်ကြပ်ကြီး ထွန်းရှင်အားသေဆုံးသည်အထိ ပြစ်မှုကျူးလွန် ရာတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ရဲတပ်ကြပ်ကြီးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် နေစိုးစံ(ခ)နေနိုးပါ (၅)ဦးဖြစ်စဥ်တွင် ပါဝင်ခဲ့သူ ဖမ်းဆီးရမိသည့် အောင်သွင်(ခ)အောင်ပုမှာ မုပွန်နယ်မြေရဲစခန်းမှ (ပ)၅၁/၂၀၂၄၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၂၂၄/၁၁၄၊ (ပ)၅၂/၂၀၂၄၊ လက်နက်ဥပဒေပုဒ်မ ၂၇/၃၁ တို့ဖြင့် အမှုဖွင့်လှစ်ခြင်းခံထားရသူလည်းဖြစ်ကြောင်း သိရသည်။
#PAN