(ပြည်တွင်း) အောက်တိုဘာ ၂၄

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Convention & Exhibition Center (COEX)မှာ နိုဝင်ဘာလ ၂၀ ရက်မှ ၂၃ ရက်အထိ ၄ ရက်တိုင်ကျင်းပပြုလုပ်မယ့် COEX FOOD WEEK 2024 စားသောက်ကုန်ပြပွဲမှာ မြန်မာလုပ်ငန်းရှင်များကို ပါဝင်ပြသနိုင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
ယင်းပြပွဲကို WORLD FOODTECH EXPO နှင့် THE KOREA BAKERY SHOW တို့နဲ့အတူ တစ်ပြိုင်တည်း ကျင်းပမှာဖြစ်ပြီး ပြပွဲကာလအတွင်း ကမ္ဘာအနှံ့မှာရှိတဲ့ စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍမှ ကုန်စည်များ နှင့် ဝန်ဆောင်မှုများကို ခင်းကျင်းပြသသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ယခုနှစ်ကျင်းပမယ့် COEX FOOD WEEK 2024 ပြပွဲမှာ နိုင်ငံပေါင်း ၂၀ မှ ကုမ္ပဏီပေါင်း ၁,၀၀၀ ခန့်က ပြခန်းပေါင်း ၁,၄၀၀ ကျော်ကို ခင်းကျင်းပြသမှာဖြစ်သလို ပြပွဲသို့ လာရောက်လေ့လာသူနှင့် အဝယ်တော်ဦးရေ စုစုပေါင်း ၅၅,၀၀၀ ခန့်အထိ တက်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
ပြပွဲအတွင်း ကမ္ဘာ့နိုင်ငံများမှ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ၊ လုပ်ငန်းအဖွဲ့အစည်းများနှင့် ချိတ်ဆက် မိပြီး စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် အခွင့်အလမ်းများ ရရှိလာနိုင်မှာဖြစ်ကြောင်းနှင့် ပြပွဲသို့ တက်ရောက်လေ့လာရန် ရွေးချယ်ခြင်းခံရတဲ့ ကိုယ်စားလှယ်များအတွက် နံနက်စာပါဝင်တဲ့ ဟိုတယ် အခန်းတစ်ခန်း လာရောက်ပါက ၄ ည တည်းခိုနေထိုင်ခွင့်နှင့် နေ့လယ်စာ ၂ ရက် စားသုံးခွင့်တို့ကို ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့လည်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
အဆိုပါပြပွဲမှာ ပါဝင်ပြသလိုတဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ ရုံးဖုန်းနံပါတ် ၀၆၇-၄၀၈၆၂၂ နှင့် အီးမေးလ်- event.td.myantrade@gmail.com တို့ထံ ဆက်သွယ် နိုင်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews