ပြည်မြို့တွင် ရဲသတင်းပေးလားဟု မေးပြီး ဓားနဲ့ထိုး၍ အမျိုးသား ၁ ဦးသေဆုံးကာ တရားခံကို နေ့ချင်းဖမ်းဆီးရမိ


(ပြည်တွင်း) ဇွန် ၂၂


ပဲခူးတိုင်းဒေသကြီးဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်တွင် ရဲသတင်းပေးလားမေးပြီး ဓားနဲ့ထိုးသတ်၍ အမျိုးသား ၁ ဦး သေဆုံးသွားပြီး တရားခံဖြစ်သူကို ဖမ်းဆီးရမိကြောင်းသိရသည်။

ယမန်နေ့က ရွာဘဲရပ်ကွက်၊ မြကန်သာရပ်နေ ခိုင်မင်းနိုင် ၄၀ နှစ်သည် ရပ်ကွက်အတွင်းရှိ အအေးဆိုင်တခုမှာထိုင်နေချိန် တရပ်ကွက်တည်းနေ ကျော်သူရ ၃၄ နှစ်ဆိုသူရောက်လာပြီး “မင်းလားကွ ရဲသတင်းပေး၊ ဒလန်ကောင်” လို့ ပြောဆိုကာ အသင့်ပါလာသောဓားနဲ့ရင်ဘတ်ကို သုံးလေးချက်လောက်ထိုးပြီး ထွက်ပြေးသွားသွားရာ အထိုးခံရသူသည် ပြန်လည်ခုခံနိုင်ခြင်းမရှိပဲ နေရာ၌သေဆုံးသွားကြောင်းသိရသည်။

ဓားနဲ့ထိုးခံရ၍ သေဆုံးသွားသော ခိုင်မင်းနိုင်၏အလောင်းကို ဒေသခံများက ပြည်ဆေးရုံကို ပို့ပေးခဲ့ကြောင်း၊ ဓားနဲ့ထိုးပြီး ထွက်ပြေးသွားသော တရားခံကျော်သူရကို ဒေသခံလုံခြုံအဖွဲ့များက ညတွင်းချင်းလိုက်ဖမ်းပြီး ပြည်မြို့ရဲစခန်းတွင် လူသတ်မှုနှင့်အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မေ ၂၃ ရက်‌နေ့ညကလည်း ပြည်မြို့၊ ရွှေတချောင်းလမ်း၊ ဝါးရုံလမ်းထိပ်ရှိ ဓာတ်ပုံဆိုင်အတွင်းသို လူငယ် ၂ ဦးက ဝင်ရောက်လာကာ ဆိုင်ဝန်ထမ်းကို ဓားနဲ့အချက်ပေါင်းများစွာထိုးသတ်၍ ပစ္စည်းလုယူသွားမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

GE

#PAN