“ဗလာဒီမာ ပူတင် က ငါးဆက်မြောက်သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို”



 
(နိုင်ငံတကာ)မေ ၉
ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ငါးဆက်မြောက် သမ္မတသက်တမ်းအတွက်  ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း သိရသည်။
  အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ကရင်မလင်နန်းတော်၌ ကျင်းပခြင်းဖြစ်ပြီး အသက် ၇၁ နှစ် ရှိပြီဖြစ်သည့် ပူတင် က ၎င်း၏ ရုံးခန်းမှတစ်ဆင့် ကရင်မလင်နန်းတော်သို့ လာရောက်ခြင်းဖြစ်သည်။ ထိုကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ လွှတ်တော်အမတ်များ၊ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
  ပူတင် အနေဖြင့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရားသူကြီးချုပ် ဗယ်လာရီဇော်ကင် က ပူတင် ကို ငါးဆက်မြောက် သမ္မတသက်တမ်းအတွက် အတည်ပြုခဲ့သည်။ ယခုသမ္မတသက်တမ်းသည် လက်ရှိအခြေခံ ဥပဒေဖြင့်ပင် ခြောက်နှစ်ကြာမြင့်မည်ဖြစ်သည်။
  ပူတင် သည် ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်သည်။ ယခုနှစ်တွင်မူ အနောက်အုပ်စုများမှ ကိုယ်စားလှယ်များက ပူတင် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခြင်းမရှိပေ။ မကြာသေးမီကကျင်းပခဲ့ပြီး ထောက်ခံမဲ ၈၇ ဒသမ ၂၈  ရာခိုင်နှုန်းဖြင့် ပူတင် က အနိုင်ရရှိခဲ့သည့် ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် မျှတမှုမရှိကြောင်း အနောက် နိုင်ငံများက စွပ်စွဲထားသည်။
  လက်ရှိအချိန်တွင် ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးသည် သမိုင်းတစ်လျှောက်တွင် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေသည်။ အမေရိကန်ဦးဆောင်သော အနောက်အုပ်စုသည် ရုရှားနိုင်ငံ အပေါ် ကြားခံစစ်ဆင်နွှဲနေသည်ဟု ရုရှားဘက်ပြောထားစဉ် အနောက်အုပ်စုကလည်း ရုရှားနိုင်ငံအပေါ် မည်သည့်အခါကမျှ ချမှတ်ဖူးခြင်းမရှိသည့် ပိတ်ဆို့မှုများကိုချမှတ်ထားကြောင်း RT သတင်းဌာနတွင် ဖော်ပြ ထားသည်။

#PAN

#HH