ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ အပူချိန်စံချိန်ချိုးမှု အကြိမ်ရေ ၁၀၀ ကျော်ရှိ


(ပြည်တွင်း) မေ ၅

ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ဧပြီလအတွင်းအပူချိန်စံချိန်ချိုးမှုအကြိမ်ရေ ၁၀၀ ကျော်ရှိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အာရှဒေသတစ်ဝန်း၌ အပူချိန်အလွန်အမင်းမြင့်တက်မှုများကြောင့် အပူလျှပ်ပြီး သေဆုံးမှုများစွာဖြစ်ပေါ်ကာ စာသင်ကျောင်းများကိုလည်း ပိတ်ခဲ့ရသည်။

ယခုကဲ့သို့ ဖြစ်ပွားရခြင်းသည် လူသားတို့၏ ပယောဂကြောင့်ဖြစ်သော ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်သည့်အတွက် ပြင်းထန်ပြီး ကာလရှည်ကြာသော အပူလှိင်းများ မကြာခဏဖြစ်ပေါ်နိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။

ဗီယက်နမ်နိုင်ငံတွင်မူ ဧပြီလအတွင်း အပူချိန်မြင့်မားမှုသုံးကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့သည်ကို ကြုံတွေ့ ခဲ့ရပြီး ယမန်နှစ်ကထက် အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာကြောင်း နိုင်ငံအတွင်းရှိ မိုးလေဝသတိုင်းတာရေးစခန်း ၁၀၂ ခုတိုက ထုတ်ပြန်ထားသည်။

အပူချိန်တိုင်းတာရေးစခန်း ခုနစ်ခု၏ တိုင်းတာမှုတွင် အပူချိန်သည် ၄၃ ဒီဂရီစင်တီဂရိတ်အထိရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရာသီဥတုအလွန်ပူပြင်းမှု၏ ရလဒ်တစ်ခုအနေဖြင့် နိုင်ငံတောင်ပိုင်း ဒေါင်နိုင်ပြည်နယ်တွင် ရေလှောင်ကန် တစ်ခုအတွင်း ငါးများအကောင်ရေရာနှင့်ချီ သေဆုံးမှုဖြစ်ပွားခြင်းဖြစ်သည်။

ယခုမေလအတွင်းတွင်မူ အပူချိန်သည် ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ်အလားတူကာလကထက် အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်မှ ၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ကြောင်း ဗီယက်နမ်မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ဧပြီလနှင့် မေလသည် ရာသီဥတုအပူဆုံးအချိန်များဖြစ်သော်လည်း ယခုနှစ်တွင် အယ်နီညိုရာသီဥတုကြောင့် အပူချိန်မှာ ပုံမှန်ထက်ပိုမိုမြင့်မား ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်အစောပိုင်းမှစ၍ အပူချိန်မြင့်တက်မှုကြောင့် သေဆုံးသူဦးရေ ၃၀ အထိရှိခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/22295

PAN

SZ