ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်ခ်တိုင်ဆန် လက်ဝှေ့ကြိုးဝိုင်းကို တကျော့ပြန်လာမည်

မတ် ၁၂

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်သည် ၎င်းနှင့် အသက်(၃၀)ကွာသည့် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဂျိတ်ပေါလ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် Netflix က အသိပေးကြေညာထားပါတယ်။

လက်ရှိတွင် မိုက်တိုင်ဆန်အနေဖြင့် အသက် (၅၇)နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၎င်းနှင့်ယှဉ်ပြိုင်ထိုးသတ်မည့် ဂျိတ်ပေါလ်မှာ အသက် (၂၇)နှစ်အရွယ်သာ ရှိသေးပါတယ်။

အဆိုပါ ပွဲအား ယခုနှစ် ဇူလိုင် (၂၀)ရက် စနေနေ့တွင် AT&T Stadium ၌ ကျင်းပမည်ဖြစ်ပြီး Netflix မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါတယ်။

ယခု ပွဲစဉ်အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးပြီဖြစ်ကြောင်း မတ်လ (၉)ရက်နေ့တွင် မိုက်တိုင်ဆန်က သူ ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တရားဝင် အသိပေးထားပါတယ်။

မိုက်တိုင်ဆန်သည် ၂၀၀၅ ခုနှစ်မှစတင်၍ လက်ဝှေ့လောကမှ အနားယူခဲ့ပြီးနောက် (၁၅)နှစ်အကြာ၂၀၂၀ ပြည့်နှစ်တွင် လက်ဝှေ့အကျော်အမော် ရွိုင်ဂျုံးစ်ဂျူနီယာဖြင့် ပြန်လည်ထိုးသတ်ခဲ့ပါတယ်။

ထို့နောက် (၄)နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် ဂျိတ်ပေါလ်နှင့် ဒုတိယအကြိမ် ပြန်လည်ထိုးသတ်ခြင်းဖြစ်ပြီး ယခုပွဲစဉ်သည် မိုက်တိုင်ဆန်၏ လက်တဝှ့လောက၏ နောက်ဆုံးပွဲစဉ်ဖြစ် သည်ဟုလည်း ပြောကြားထားပါတယ်။

အသက်ကွာဟသည့် ၎င်းတို့ နှစ်ဦးထိုးသတ်မည့်ပွဲစဉ်အား စိတ်ဝင်စားမှုမြင့်တက်နေသကဲ့သို့ ၂၀၂၀ ပြည့်နှစ်က ရွိုင်ဂျုံးစ်ဂျူနီယာဖြင့် ထိုးသတ်ခဲ့သည့် သရုပ်ပြပွဲသဏ္ဍာန်သာ ဖြစ်နိုင်သည်ဟုလည်း အများက သုံးသပ်ထားသည်ကိုတွေ့ရပါတယ်။

မိုက်တိုင်ဆန်နှင့် ထိုးသတ်မည့် ဂျိတ်ပေါလ်သည် ပရော်ဖက် ရှင်နယ် လက်ဝှေ့ပွဲပေါင်း (၁၀) ပွဲ ထိုးသတ်ထားကာ (၁)ပွဲသာ ရှုံးနိမ့်ထားသူ တစ်ဦးဖြစ်ပါတယ်။