ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၁၈၉၅၁ ဦး ဖြေဆိုမည်


မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၁၈၉၅၁ ဦး ဖြေဆိုမည်


မတ် ၁၀

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျောင်းသား ကျောင်းသူ ၁၈၉၅၁ ဦး ဖြေဆိုမည် ဖြစ်သည်။

တိုင်းဒေသကြီးအတွင်း၌ စာစစ်ဌာန ၇၃ ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းသား ၈၆၀၉ ဦး၊ ကျောင်းသူ ၁၀၃၄၂ ဦး ဖြေဆိုမည်ဖြစ်ရာ ပြင်ပမှဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၂၅၀၉ ဦးလည်း ပါဝင်သည်။ စာမေးပွဲတွင် သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲနှင့် ဝိပ္ပံတွဲတို့ကို ဖြေဆိုရမည်ဖြစ်ပြီး ယခုနှစ်တွင်လည်း စိတ်ကြိုက်မြန်မာစာဘာသာရပ်၌ တစ်ဦးတည်း ဖြေဆိုသွားရန်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က “ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ Grade 12 စနစ်သစ်ရဲ့ ပထမဆုံးကျင်းပတဲ့ စာမေးပွဲလည်း ဖြစ်ပါတယ်။

တစ်နိုင်ငံ လုံးလည်း အတူတူပါပဲ။ Grade 12 ဟာ သင်ရိုးသစ်လည်း ဖြစ်သလို ဆရာတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ပထမဆုံးရင်ဆိုင်ရမယ့် စာမေးပွဲလည်း ဖြစ်ပါတယ်။ ပထမဆုံးကြုံတွေ့ရမယ့် စာမေးပွဲဖြစ်တာကြောင့် ဆရာတွေအနေနဲ့ သင်ကြားရေးပိုင်းမှာ၊ သင်ယူမှုအပိုင်းမှာ အထူးဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးခဲ့ကြပါတယ်။ မိဘများရဲ့ ပံ့ပိုးမှုလည်းရှိခဲ့ပါတယ်။

သင်ရိုးသစ်၊ မေးခွန်းပုံစံအသစ်နဲ့ ပထမဆုံးရင်ဆိုင်ရတဲ့ စာမေးပွဲဖြစ်တာကြောင့် စိတ်ဝင်စားမှုရှိပြီး စိုးရိမ်မှုအချို့ရှိကြပေမယ့် ကြိုးစားအားထုတ်မှုရှိတာကို တွေ့ရပါတယ်။ ပညာရေးဝန်ထမ်းများအနေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို စိတ်အေးချမ်းစွာကျော်လွှားနိုင်အောင် အဘက်ဘက်က ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

ကျောင်းသူ ကျောင်းသားများအနေနဲ့ မိမိတို့ဖြေဆိုရမယ့် ကာလမှာ ကျန်းမာရေးကို ဂရုစိုက်ပြီး တစ်နှစ်တာ ကြိုးစားထားမှုအပေါ်မှာ အစွမ်းကုန်အားထုတ်ပြီး ဖြေဆိုသွားမယ်ဆိုရင် မိမိတို့နဲ့ထိုက်တန်တဲ့ အောင်မြင်မှုအသီးသီးကို ရရှိကြမှာပါ”ဟု ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ Grade 12 သင်ရိုးသစ်ဘာသာရပ် များကို သိရှိနားလည်နိုင်စေရန် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ဝေသည့် Grade 12 သင်ရိုးသစ်နှင့်စပ်လျဉ်းသည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည့် ပါမောက္ခများ၏ ဘာသာရပ်အလိုက် ဆွေးနွေးမှုများနှင့် မေးခွန်းပုံစံများကိုလည်း အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျောင်းသား ကျောင်းသူများ သင်ရိုးသစ်ဘာသာရပ်များကို ကောင်းမွန်စွာသင်ကြားနိုင်ရန် ဆရာ ဆရာမများအား ‘သင်ကြားရေးစွမ်းရည်မြှင့်’ သင်တန်းများဖြင့် ပံ့ပိုးကူညီခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဦးတည်၍ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ကျင်းပပေးခဲ့ကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN