အင်ဂျင်ပိုင်း အပူလွန်ကဲပြီး မီးလောင်နေသော ကားအား စွန့်ပစ်ခဲ့သည့်ယာဥ်မောင်းကို စုံစမ်းနေ

မိုင်းဖြတ် ၊ မတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဆွပ်ပန်းကျေးရွာအနီး ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မတ်လ ၄ရက်နေ့ ညနေပိုင်းက မော်တော်ယာဉ် တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ ဆွပ်ပန်းကျေးရွာအနီး ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်သွား ပြည်ထောင်စုကားလမ်းမပေါ် မိုင်တိုင်အမှတ်(728-729)အကြား မော်တော်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ စခန်းမှူး မြင့်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းနှင့် တပ်ဖွဲ့ဝင်များ ၊ တောညုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများသည် မီးငြိမ်းသတ်ယာဉ်(၁)စီးဖြင့် သွားရောက်စစ်ဆေး မီးငြိမ်းသတ်ခဲ့ရာ တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ်( YGN—-) TOYOTA MARK II–99 အမျိုးအစား အဖြူရောင် မော်တော်ယာဉ်သည် မိုင်တိုင်အမှတ်(728-729)အကြားရှိ လမ်းမပေါ်တွင်ရပ်တန့်လျှက် ယာဉ်၏ အင်ဂျင်ပိုင်း အပူလွန်ကဲရာမှ မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာအား စစ်ဆေးရာ ယာဉ်မောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)မှာ မော်တော် ယာဉ်မီးလောင်ကျွမ်းစဉ် မော်တော်ယာဉ်အား ရပ်တန့်ထားခဲ့ပြီး တိမ်းရှောင်သွားခဲ့ကြောင်း စစ်ဆေးချက်များအရ မြို့မရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးဘေးအန္တရာယ် သတိပြုမှုမရှိဘဲ ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း( အမည်၊ နေရပ်လိပ်စာ၊ စုံစမ်းဆဲ)အား စုံစမ်းအရေးယူဆောင်ရွက်နိုင်ရေး မြို့မရဲစခန်းမှ အမှုဖွင့် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။