ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် ဦးခင်မောင်ကြည်ကို KIA /PDF မှ ဖမ်းဆီးမှု နှင့် ပတ်သက်ပြီး မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့က သဘောထားထုတ်ပြန်


ဖေဖော်ဝါရီ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊တာမခန်ကျေးရွာတွင် နေထိုင်တဲ့ ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးခင်မောင်ကြည်ကို ဥရုမြစ် အနောက်ဘက်မှာရှိသည့် ဒေသအခေါ် နမ့်နန်းလှိုင် ရှမ်းစစ်ရှောင်စခန်းတွင် (၂၈.၂.၂၀၂၄) ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က KIA နှင့် PDF တွေပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့ မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ကြားသိရသည်။

ဖမ်းဆီးခံရသည့် အသက် ၅၁ နှစ်အရွယ်ရှိ ဖားကန့်ဒေသ တာမခန် ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကြည် သည် အကျင့်စာရိတ္တ ကောင်းမွန်၍ ရိုးသား ဖြောင့်မတ်သော စိတ်သဘောထားရှိသူ ဌာနေရှမ်းနီတိုင်းရင်းသား တစ်ဦး ဖြစ်သည့် အားလျှော်စွာ မိမိတို့ ရှမ်းနီအမျိုးသားရေး အတွက် တက်ကြွလှုပ်ရှားခဲ့သူဖြစ်ပြီး လက်ရှိတွင်လည်း မိမိစာပေ၊ ရိုးရာ ယဉ်ကျေးမှု ကိစ္စများနှင့် ရပ်ရေးရွာရေး ကိစ္စများတွင် တတ်စွမ်းသ၍ပါဝင် ဆောင်ရွက်နေသူ ဖြစ်သည်ဟု ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့က ရက်စွဲဖြင့် မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့က သဘောထား ထုတ်ပြန်ထားသည်။

ထို့ကဲ့သို့ အပြစ်မဲ့ပြည်သူ ဌာနေရှမ်းနီတိုင်းရင်းသား ဦးခင်မောင်ကြည် အား ဖမ်းဆီး ခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်၍ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ (S.E.A.S) မှပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်းနှင့် မလိုအပ်သည်များ ဆက်လက်မဖြစ်ပွားစေရေးအတွက် ဦးခင်မောင်ကြည် အား အမြန်ဆုံး လွတ်ပေးရန် ၎င်း၏ မိသားစု၊ ဆွေမျိုး မိသင်္ဂဟများကိုယ်စား တောင်းဆိုပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်ဟုလည်း ထုတ်ပြန်စာတွင်ပါရှိသည်။

PAN