AICHR အစည်းအဝေးတွင်လူ့အခွင့်အရေး၊ လူကုန်ကူးမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ သတင်းတုသတင်းမှားကိစ္စများပါဝင်ဆွေးနွေး


ဖေဖော်ဝါရီ ၂၇

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြိုမှာ ကျင်းပတဲ့ (၃၈) ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်က နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးများရရှိစေရေးနှင့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီရေးတို့အတွက်ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ပါဝင်ဆွေးနွေး ခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဗီယင်ကျန်းမြို့မှာ ဖေဖော်ဝါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီလ ၂၃ ရက်အထိ ကျင်းပခဲ့တဲ့ (၃၈) ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ လာအိုနိုင်ငံမှ AICHR ကိုယ်စားလှယ် H.E. Ambassador Yong Chanthalangsy က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များ၊ AICHR ကိုယ်စားပြု ပုဂ္ဂိုလ်များ၊ AICHR ကိုယ်စားလှယ်ရဲ့ လက်ထောက်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ အာဆီယံအတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများ၊ AICHR ၏ အဖွဲအစည်း ဆိုင်ရာ ကိစ္စများ၊ AICHR ရဲ့ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွက် ဦးစားပေး လုပ်ငန်း အစီအစဉ်များ အကောင်အထည်ဖော်မှု အခြေအနေနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးကိစ္စ၊ လူကုန်ကူးမှုကိစ္စ၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၊ မသန်စွမ်းပုဂ္ဂိုလ်များရဲ့ အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးမျှော်မှန်းချက်နှင့် ဆက်စပ်လျက် လူ့အခွင့်အရေးနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ သတင်းတုသတင်းမှားများကိစ္စနှင့် အခြားကိစ္စရပ် များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးကာလအတွင်း AICHR ကိုယ်စားလှယ်များနှင့် အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများ ရေးဆွဲရေးလုပ်ငန်းအဖွဲတို့၏ တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံသဘာဝပတ်ဝန်းကျင် အခွင့်အရေးဆိုင်ရာဒေသတွင်း မူဘောင်(မူကြမ်း) ရေးဆွဲရာမှာ ဖြစ်ပေါ်တိုးတက်မှု များကို ဆွေးနွေးခဲ့ကြပြီး AICHR က လုပ်ငန်းအဖွဲ့သို့ မူဘောင်ရေးဆွဲရေးနှင့် စပ်လျဉ်းကာ လမ်းညွှန်ချက်များ ချမှတ် ပေးခဲ့တယ်လို့ သိရပါတယ်။