မတ်လအတွင်း ကျပ်နှစ်သောင်းတန်ငွေစက္ကူ ထွက်ရှိမည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်


ဖေဖော်ဝါရီ ၂၇

လူမှုကွန်ရက် စာမျက်နှာတွေမှာ လာမယ့် မတ်လအတွင်း ၂၀,၀၀၀ ကျပ်တန်တွေ ထွက်ရှိ မယ်ဆိုတဲ့ သတင်းများဟာ ကောလာဟလသတင်းတွေသာဖြစ်တယ်လို ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ကစတင်ပြီး ဗဟိုဘဏ်က နှစ်သောင်းကျပ်တန်ငွေစက္ကူတွေကို အထိမ်းအမှတ် အနေနဲ့သာ ထုတ်ဝေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ နှစ်သောင်းငွေစက္ကူတွေကို အကန့်အသတ်နဲ့သာ လဲလှယ်ပေး နေတာ ဖြစ်ပါတယ်။

အဆိုပါကောလာဟလသတင်းတွေကြောင့် ငွေကြေးဈေးကွက်အတွင်း ကမောက်ကမဖြစ်အောင်၊ ပြည်သူ တွေ အထိတ်တလန့်ဖြစ်အောင် ဝိသမလောဘသားတွေက ဆောင်ရွက်တာ ဖြစ်တယ်လို ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားသုံးငွေကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ပြည်တွင်းမှာနေထိုင်သူတွေအနေနဲ့ တရားဝင်နည်းလမ်းကရရှိထားတဲ့ အမေရိကန်ဒေါ်လာတစ်သောင်းအထိ ဒါမှမဟုတ် အဲ့ဒီပမာဏနဲ့ညီမျှတဲ့ နိုင်ငံခြား သုံးငွေကို ၆ လအတွင်း ကိုင်ဆောင်ခွင့်ရှိတဲ့အချက်ကို တိကျစွာလိုက်နာဆောင်ရွက်ဖိုလိုမယ်လို အသိပေးထား ပါတယ်။

ဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ နိုင်ငံခြားငွေ ကိုင်ဆောင်ဈေးကစားနေသူတွေကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူမယ့် အပြင် လက်ရှိမှာလည်း အရေးယူနေတယ်လို ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။