ချီဖွေမြို့နယ်၊ ဖရဲဒေသ တရုတ်ကုမ္ပဏီကြီးများက မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သည့်အပေါ် ဒေသခံများဆန္ဒထုတ်ဖော်ရာ KIA အဖွဲ့မှ မိုင်းခွဲ ဖြိုခွင်း


ဖေဖော်ဝါရီ ၁၅

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲဒေသတွင် တရုတ်ကုမ္ပဏီကြီးများက မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သည့်အပေါ် ဖေဖော်ဝါရီ ၉ ရက်နေ့က ဒေသခံများက ကန့်ကွက်ဆန္ဒထုတ်‌ဖော်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခဲ့သည့်ဒေသခံများကို အကြမ်းဖက် KIA တပ်ဖွဲ့ဝင်များက မိုင်းခွဲဖြိုခွင်းခဲ့ပြီး ကန့်ကွက်သည့် ဖရဲဒေသခံ ၆၀ ဦးခန့်ကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

ကန့်ကွက်ဆန္ဒဖော်ထုတ်ရန် စုဝေးနေချိန် မိုင်းဖြင့်ဖြိုခွင်းခံခဲ့ရခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုများအပါအဝင်၊ ဘာသာရေးဆရာ၊ ကျောင်းဆရာနှင့် လူငယ်များ ဖမ်းဆီးခံထားရကာ အချို့မှာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

လက်ရှိအချိန် ဖရဲဒေသခံပြည်သူများ၏ သောက်သုံးရေအရင်းအမြစ်တည်ရှိရာ အေဒေါင်ဟောချောင်း (E Dau Haw Hka)၊ မောင်းရိဟောချောင်း (Mau Yi Haw Hka) တစ်လျှောက်နှင့် စိုက်ပျိုးမြေနေရာများသို့ မြေရှားသတ္တု စမ်းသမ်းတူးဖော်ခွင့်ပြုခဲ့သောကြောင့် ဒုတိယအကြိမ်အဖြစ် ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသလို ယခင်နှစ်ကလည်း ၁ ကြိမ်ကန့်ကွက်ခဲ့ဖူးကြောင်း သို့သော်လည်း အကြမ်းဖက် KIO ဌာနချုပ်၏ စီမံချက်ဖြစ်သည့်အတွက် ဒေသခံများဘက်မှ ကြောက်ရွံ့ကာ ကန့်ကွက်မှုကိုရပ်လိုက်ရကြောင်း ယခုလိုဒုတိယအကြိမ်အဖြစ် ကန့်ကွက်ရခြင်းမှာ ဒေသခံတို့၏တောင်ယာလုပ်ကိုင်နေသည့် နေရာတစ်ဝိုက်အပြင် ၎င်း အကြမ်းဖက်တို့ KIA မှ သောက်သုံးရေစီစဉ်ပေးထားသည့် နေရာတစ်လျှောက်မှ နေရာအသစ်နယ်နိမိတ်အတွင်း အကြမ်းဖက် KIA တပ်မဟာ (၇)၏ ခွင့်ပြုမိန့်ဟုဆိုကာ တရုတ်ကုမ္ပဏီများကို မြေရှားပြန်လည်စမ်းသပ်တူးဖော်ခွင့်ပြုလိုက်သဖြင့် ဖရဲဒေသခံများက ပြန်လည်ကန့်ကွက်ကြရာမှ ယခုကဲ့သို့ မိုင်းဖြင့်ဖြိုခွဲခြင်းခံရကာ ဆန္ဒဖော်ထုတ်ကန့်ကွက်သည့် ဒေသခံ ၆၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းလည်းဖြစ်ကြောင်း သိရသည်။

ယခုချိန်တွင် အဆိုပါဒေသတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး တစ်ခုတည်းသော ကျေးရွာချင်းဆက်လမ်း တစ်နေရာတွင် လည်းအကြမ်းဖက် KIA တပ်မဟာ ၇ တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းကို စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။