အဘူဒါဘီအိုးပင်း ချန်ပီယံဖြစ်ခဲ့တဲ့ ရီဘာကီနာ


ဖေဖော်ဝါရီ ၁၃

အဘူဒါဘီအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပွဲမှာ ဆီဒင်အဆင့်-၁ ကာဇက်စတန်တင်းနစ်မယ် ရီဘာကီနာ က ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ရီဘာကီနာနဲ့ ရုရှားတင်းနစ်မယ် ကာဆက်ကီနာတို ဆုံတွေ့ခဲ့တာဖြစ်ပြီး ရီဘာကီနာ က အကောင်းဆုံး လက်စွမ်းနဲ့အတူ ကာဆက်ကီနာကို ဖိအားပေးနိုင်ခဲ့ပါတယ်။

ပထမပွဲလတ်မှာ ကာဆက်ကီနာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့တာကြောင့် ရီဘာကီနာ ကပဲ အမှတ်တွေ ရယူနိုင်ခဲ့သလို ဒုတိယပွဲလတ်မှာတော့ ကာဆက်ကီနာက အပြန်အလှန် လိုက်ကစားနိုင်ခဲ့လို ကြည့်ကောင်းခဲ့ပါတယ်။

ပွဲကစားချိန် ၁ နာရီခွဲနီးပါး ယှဉ်ပြိုင်အပြီးမှာ ရီဘာကီနာက ၆ : ၁၊ ၆ : ၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အခုရာသီအတွက် ဒုတိယမြောက် WTA Tour ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ရီဘာကီနာနဲ့ ကာဆက်ကီနာတိုဟာ ၄ ကြိမ်တွေ့ဆုံခဲ့ရာမှာ နှစ်ကြိမ်စီ အနိုင်ရထားခဲ့တာဖြစ်လို အခုအကြိမ်မှာတော့ နိုင်ပွဲနဲ့အတူ ရီဘာကီနာ က ထိပ်တိုက်ဆုံတွေ့မှုမှာပါ အသာစီးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။