ကျောက်ဖြူ-ရန်ကုန် လေယာဉ်စီးနင်းခွင့် တောင်းခံရမည်


ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကနေ ရန်ကုန်ကို လေကြောင်းလိုင်းနဲ့ ခရီးသွားလာမယ်ဆိုရင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးတဲ့ စီးနင်းခွင့်လက်မှတ်ပါရှိမှသာ လေယာဉ်လက်မှတ်များ ဝယ်ယူခွင့်ရရှိ တော့မှာဖြစ်တယ်လို့ ကျောက်ဖြူမြို့မှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဌာန တချို့ကနေ သိရပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို လေကြောင်းခရီးစဉ်နဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုပဲ သွားရောက် ခွင့်ပေးမှာဖြစ်ပြီး တခြားသူတွေကို သွားရောက်ခွင့် မပြုတော့ဘူးလို သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်၊ မနက် ၁၀ နာရီခွဲက ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ အစည်းအဝေးပြုလုပ်ပြီး အခုလို ညွှန်ကြားချက် ထုတ်ပြန်လိုက်တာဖြစ်တယ်လို သိရပါတယ်။

ကျောက်ဖြူကနေ ရန်ကုန်ကိုလိုက်ပါမယ့် ခရီးသည်တွေအနေနဲ့ ခရီးသွားမယ့်ရက် မတိုင်မီ စီးနင်းခွင့် လက်မှတ်ကို ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တင်ပြတောင်းခံရမှာဖြစ်ပြီး အဆိုပါရုံးရဲ့ ခွင့်ပြုချက် မရှိတဲ့ ခရီးသည်တွေကို လေကြောင်းခရီးစဉ်နဲ့ လိုက်ပါခွင့်ပြုတော့မှာ မဟုတ်ဘူးလို သိရပါတယ်။

ဒါ့အပြင်ခရီးသွားဖို ကြိုတင်လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေအနေနဲ့ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ပြီး စီးနင်းခွင့် တင်ပြတောင်းခံနိုင်ပြီဖြစ်တယ်လို သိရပါတယ်။