လပြာသို

ပြာသိုလဝေါဟာရကို ရှေးပုဂံခေတ်က “ပ္လသိုဝ်လပ္လည်” (ငနွယ်သင်ကျောက်စာ သက္ကရာဇ် ၅၀၉ ခရစ် ၁၁၄၇) ပ္လ လဆုတ် (အထောလက်ကျောက်စာ-သက္ကရာဇ် ၅၂၇) ပ္လသုဂ်လ (သူငွေပုခ်ဂူဘုရား ကျောက်စာ သက္ကရာဇ် ၅၅၉) ပ္လါသိုလ်လ (ငပိုက်သင်လင်မယားကျောက်စာ) ပြတ်သိုဝ်လ (သိဓ်ဆိမ့်မင်းတုရင် သိန်းစည်းကျောင်း ကျောက်စာသက္ကရာဇ် ၇၉၂) စသည်ဖြင့် ရေးထိုးခဲ့ကြရာ ယခင်လများက တင်ပြခဲ့သည့်အတိုင်း မြန်မာစာအရေးအသား သတ်ပုံသတ်ညွန်း မတည်ငြိမ်သေးရကာ ရေးနည်းရေးဟန် ကွဲပြားနေပေသေးသည်ဟု ဆိုရပါမည်။

သက္ကရာဇ် ၉၀၇- သင်တော်သွေး ရခိုင်ကျောက်စာတွင် (သကြခ် ၉၀၇ ပြာသိုလ္ဆုတ် တရက်) ဟု ရေးထိုးချက်ကို တွေ့ရရာ နှောင်းခေတ် ရေးထုံးများအတိုင်း ပြာသိုလအရေး တည်ငြိမ်ဖြစ် လာသည်ကို တွေ့ရပေသည်။ (ခရစ် ၁၈-၁၂-၁၅၄၅)

လ ယှဉ်သံကို သုံး၍ ပြောကြ

ပုဂံခေတ်က က၊ ခ၊ ပ၊ ဖ၊ မ ဗျည်းတို့တွင် လဆွဲ၍ ရေးကြလေသည်။ ပြောသံဖတ်ရွတ်သံ အတိုင်းကျအောင် ရေးခြင်းပင်ဖြစ်တန်ရာ၏။ မြန်မာနှင့်မျိုးနွယ်တူ တိဗက်၊ ချင်း၊ မွန်၊ ဗမာ၊ ထိုင်း၊ ပသျှူး၊ ဘာသာစုများတွင်လည်း ဗျည်းရွတ်ဖတ်သောအခါ “လ” သံယှဉ်၍ ပြောဆိုကြ၏။ ထားဝယ်ဒေသိယစကားများတွင် က္လား(ကျား)၊ က္လောန်း(ကျောင်း)၊ ခ္လေ(ချေး)၊ ခ္လေါန်(ချောင်း)၊ အပ္လါ(အပြာ)၊ အဖ္လူ(အဖြူ)၊ မ္လေ(မြေ)၊ မ္လစ်(မြစ်)စသည်ဖြင့် ရှေးပုဂံခေတ်ကသို့ပင် ဗျည်းတွင် လ ယှဉ်သံကို သုံး၍ ပြောကြသည်ကို သိနိုင်လေသည်။

ထိုပင့်ရစ်သတ်ပုံတွင် လ ဖျောက်၍ ရေးသားလာသော ကာလကို သက္ကရာဇ် ၈၀၄ ခုနှစ် ရေးထိုးသော ပုဂံမြို့တက်နွယ်ကျောင်း ကျောက်စာကို သုတေသနပြု၍ ရရစ် ယပင့် သံယုဂ် ယနေ့ရေးထုံးပုံသဏ္ဌာန်ဖြစ်ပေါ်လာကြောင်း၊ တည်ငြိမ်ပြီဖြစ်လာကြောင်းကို ဆရာကြီး ဦးဖိုးလတ်က သုံးသပ်ထားသည်ကို တွေ့ရပါ၏။

အထက်ဖော်ပြပါ သင်တော်သွေး ရခိုင်ကျောက်စာ(၉၀၇)သည် ထိုအဆိုကို အထောက်အကူ ပြုပေသည်။ ပြာသိုရေးထုံးကို ဤမျှနှင့် အကျဉ်းတင်ပြပြီး ဝေါဟာရအဓိပ္ပာယ်ကို တင်ပြပါဦးမည်။

ပြာသိုဝေါဟာရခေါ်ဝေါ်ခြင်း ဗဟုသုတအနေဖြင့်သာ တင်ပြ

လှေသင်းအတွင်းဝန် ဦးချိန်၏ဝေါဟာရ လိနတ္ထ ဒီပနီတွင် မြန်မာဘာသာ “ပြာသိုလ”ဟု ခေါ်ဝေါ်သည်မှာ အမရကောသ အဘိဓာန်လာ “ဖုသျှယုတ္တာ ပုဏ္ဏမာသီပေါပိ” ဟူ၍လာသည်။ ဖုသျှနက္ခတ်နှင့် ယှဉ်၍လပြည့်သောနေ့သည် “ပေါပီ” မည်၏ဆိုသည်။ ထိုမှတပါး ရာဇမတ္တဏ်ကျမ်းတွင်လည်း “ပေါသီ=ပြာသိုလ” ဟု အနက်ဆိုသည်။ ထိုပေါသီပင် သက္ကဋအလို ရရစ်နှင့် “ပြောသီ”ဖြစ်သည်။ ကာလရှည်ကြာသောအခါ “ပြောသီ”မှ “ပြာသို” ဖြစ်လာသည်။ “ပရသီတလံ အတ္ထောတီတိပြာသို” ဟူ၍လည်း ပါဠိဝိဂြိုဟ်ကြံကြကုန်၏။ ဘာသာပြန်ပါက တပါးသော လများထက် လွန်ကဲထူးခြားစွာ ချမ်းအေးသောလဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် “ပြာသို” မည်၏ဟု အကျယ်တဝင့် ဖွင့်ဆိုထားလေသည်။ ဤ၌ ဖော်ပြပါ ပါဠိသက္ကဋဘာသာမှ ပါဠိပျက်-ပါဠိသက်သက္ကဋမှ ဆက်နွှယ်မှု အကြောင်းပြု၍ ပြာသိုဝေါဟာရခေါ်ဝေါ်ခြင်း ဟုတ်မဟုတ်ကို မစောကြောတော့ဘဲ ဗဟုသုတအနေဖြင့်သာ တင်ပြခြင်းဖြစ်ပါသည်။

ဆရာကြီး ဦးဖိုးလတ်၏ ပြာသိုလအဖွင့်ကမူ တိဗက်၊ တရုတ်၊ မြန်မာမျိုးနွယ်စုများမှသည် တိုင်းရင်းသားအသီးသီးတို့၏ ဝေါဟာရဇာစ်မြစ်များကို အခြေခံ၍ “သ်ပြ-ပြာ-ပ္လ-ပ္လါ-အသံထွက်ဝေါဟာရမှာ “တောက်လောင်ခြင်း” အနက်အဓိပ္ပာယ်ရှိ ကြောင်း “ပ”၏ အဓိပ္ပာယ်မှာ တောက်လောင်၊ လောင်ကျွမ်း၊ ရှို့-မြိုက်၊ လှော်ကင်၊ နေလှန်း အဓိပ္ပာယ်ဆောင်ကြောင်းကို ဖော်ပြထားလေသည်။ မြန်မာတိုင်းရင်းသားများ ဖြစ်ကြသော လီဆူး၊ ချင်း၊ ကရင်၊ နာဂ၊ မူဆိုး၊ ရှိုယင်၊ မွန်၊ ကချင်စသည်တို့၏ အသံထွက်အရလည်း ပြာ၏ အဓိပ္ပာယ်မှာ- ထွန်းလင်း၊ တောက်ပ၊ လောင်ကျွမ်းသော သဘောများကိုဆောင်ကြောင်းကို အကိုး သာဓကများပြပြီး၊ ကောက်ချက်ချရာတွင် ပြာမှာ- ပျားဖယောင်း၊ ဖယောင်းကို ဆိုလိုကြောင်း ဖော်ပြထားလေသည်။

“သို” မှာလည်း ထို့အတူ တိဗက်၊ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံများ၏ ဝေါဟာရ ဇာစ်မြစ်အရ “အဆီ” ဟောပုဒ်ဖြစ်ကြောင်း မြန်မာတိုင်းရင်းသား များဖြစ်ကြသော ကချင်၊ ချင်း၊ မွန်၊ ရှမ်း စသည် မျိုးနွယ်စုများတွင် အဆီဟောပုဒ်ကို “သို” ဟု ခေါ်ဆိုကြောင်းများကို ဖွင့်ဆိုထားလေသည်။

ရှေးအခါက မီးထွန်းဖို့ရာတွင် ပျားဖယောင်း သည် အဓိကဖြစ်ပေသည်။ ပြာသိုလသည် ပျားဖယောင်း လှိုင်လှိုင်ထွက်သော ကာလဖြစ်ပေသည်။ ဤသို့သော အကြောင်းခြင်းရာ အချက်အလက်များကို ကိုးကား၍ ဆရာကြီး ဦးဖိုးလတ်က ပြာသို ဝေါဟာရ အဘိဓာန်ကို-

“ပြာသို (ကျောက်စာ-ပ္လသိုလ်၊ ပ္လသိုလ်၊ ပ္လါသိုလ်၊ ပြသိုဝ်)=ဖယောင်း၊ ပျားဖယောင်း၊ ပျားဖယောင်းစု၍ အရဆုံးသောလ၊ ပျားဖယောင်းလ၊ မြန်မာ့ ဆယ့်နှစ်လတို့တွင် ဒသမလ၊ မကာရရာသီ” ဟု ဖွင့်ဆိုထားလေသည်။

ကောင်းကင်အမြင်နက္ခတ်စဉ်ကို ရေးပြုမှတ်တမ်းတင်ပြခဲ့

ဤသို့ ဖွင့်ဆိုရာတွင် မကာရရာသီကိုပါတွဲ၍ ဖော်ပြထားသည်ကို သတိမူရာ၏။ ဆယ့်နှစ်လရာသီ တွင် အယနနှစ်ပါးကို အကြောင်းပြု၍ အပူအအေး မိုးလေအကျ ဥတု – ရတုတို့ကို မှတ်သားပြီးလျှင် ရှေးအခါက သမားတော်ကြီးများက ဆေးဝါးကုသကြကုန်၏။ ပြာသိုလသည် မကာရရာသီတွင် ပါဝင်၏။ ဟေမန္တဆောင်းဥတု သိသိရ-ရတုတွင် ပါဝင်၊ ရှေးမြန်မာကြီးများသည် ဆေးသမားလည်း ဆေးသမားအလျောက်၊ စာဆိုကလည်း စာဆိုအမြင်၊ ဝေဒပညာရှင်များကလည်း ကောင်းကင် အမြင်နက္ခတ်စဉ် စသည့် မြန်မာမူများကို ရေးပြု မှတ်တမ်းတင်ပြခဲ့ကြကုန်၏။

မကာရရာသီသဘောမှာ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း ပုံသဏ္ဌာန်ဖြစ်၏။ ထိုကို ပါဠိပျက်အနေဖြင့် “မကာရ်း” ဟု ခေါ်ရေး၏။ ထိုမကာရရာသီသို့ တနင်္ဂနွေဂြိုဟ်ရောက်သောအခါ (ကောင်းကင် လမ်း ဒိက္ခိဏယာဉ်) ဆန့်ကျင်ဘက် ပထနီအိမ် ပုဇွန်တာရာ အဝိုင်းအဝန်းရှိ ကရကဋ်ရာသီတွင် ဖုသျှ နက္ခတ်နှင့် စန်းယှဉ်သောအခါ ပြာသိုလပြည့်၏။

“ပုဏ္ဏမာ ဖုသျှငယ် ယုန်စန္ဒာနှင့်၊ မှုန်ပြာပြာဝဋာ တွင်းမှာလ၊ ငွေပုစွန်တာရာလင်းတယ်၊ နှင်းမြူ ပိတ်ဖုံး” ဆိုသည့် ပြာသိုလကား ဆောင်းဥတုအလယ် နှင်းထူပြော အအေးဓာတ်လွန်ကဲသောအခါ ဖြစ်၏။

“…ပြာသိုတပို့တွဲ၊ စိုရွှဲငွေနှင်း၊ သုတ်လေညှင်းနှင့်၊ ယင်းနှစ်လကြား၊ ရှစ်ရက်အားဖြင့်၊ တပါးထိုမျှို၊ တပို့တပေါင်း၊ ရှေးနှောင်းအညီ၊ လေးရက်စီလည်း၊ ပထဏီမှတ်၊ အန္တရဌ်ဟု၊ ပညတ်နာမ၊ ကြားရှစ်ည၌၊ တောက်ပလင်းဟုန်၊ တက်အရုဏ်ဝယ်၊ ခိုက်တုန် လွန်ကဲ၊ အေးစမြဲတည့်” (မဃဒေဝ-၁၁၁) စသည်ဖြင့် ပြာသိုလချမ်းအေးပုံကို ရှေးစာပေများတွင် ရေးဖွဲ့ခဲ့ကြရာ ပထမတင်ပြခဲ့သော လှေသင်း အတွင်းဝန် ဦးချိန်၏ ပရသီတလံ အခြားသော လများထက် လွန်ကဲစွာ ချမ်းအေးသောကြောင့် ပြာသိုမည်၏။ ပါဠိဝိဂြိုဟ်ကြံ သက္ကတဟန်သည်လည်း ယုတ္တိရှိဟုတ်ယောင်နိုး ထင်ရပါ၏။ သို့သော် ဆရာကြီး ဦးဖိုးလတ်၏ သုတေသနပြုချက် ဖရောင်း စုဆောင်းသောကာလမှ “ပြာသို” ဝေါဟာရ၏ ဖြစ်လာသည်ဟူသော အဆိုကို ယုတ္တိသာဓက ပြည့်စုံသည်ဟု ဆိုချင်ပါသည်။

ထိုကဲ့သို့ အေးသောကာလတွင် ကိုယ်လက် လှုပ်ရှားရသော မြင်းခင်းသဘင်ကို ရှေးအစဉ်အလာ လုပ်ဆောင်ချက်များစွာလည်း မြန်မာ့သဘာဝနှင့် ကိုက်ညီသည့်ပွဲဟု ဆိုရပါမည်။

 မြင်းခင်းပွဲတော်မှ ပေါ်ပေါက်လာသော စာပေများဖြစ်

မြန်မာ့စစ်ရေးတွင် ဆင်၊ မြင်း၊ ရထား၊ ခြေသည်အား ဆိုသည့်အတိုင်း ဆင်ခင်းမြင်းခင်းသည် အဓိက အရေးပါသောအရာ ဖြစ်ပေသည်။ မြင်းခင်းသဘင်ဟု ဆိုသော်လည်း ကုန်ခဲ့သည့် နတ်တော်လက ဆင်ဖမ်းပွဲမှ ရရှိသော(သို့)ယခင်လေ့ကျင့်ပြီးသော ဆင်များအပါအဝင်၊ ဆင်ခင်း၊ မြင်းခင်း၊ လေးခင်း၊ ဓားခုတ်လှံထိုး၊ စက်ထိုး၊ ဗလီခတ်၊ သိုင်းအမျိုးမျိုးတို့ အဆင့်ဆင့် ကျင်းပသော ပွဲတော်ဖြစ်ပေသည်။ မြန်မာ ဓားရေး ၃၇-ချင်း၊ လှံရေး ၃၇-ချင်း၊ အဲမောင်း ရေး ၃၇-ချင်း စသည်တို့မှာ ဤပြာသိုလ မြင်းခင်း ပွဲတော်မှ ပေါ်ပေါက်လာသော စာပေများဖြစ်သည်။

“ခါးပတ်တော်မှာ ရွှေချည်စုံ၊ မိုင်းလုံရွှေဝတ်လုံ၊ မလုံသာချမ်းအေးမြ” အစချီသော မြင်းခင်းတော် ဘွဲ့ကြိုးသည် ပင်းယခေတ် တစ်စီးရှင်သီဟသူ လက်ထက် သက္ကရာဇ်-၆၇၄ နှစ်တွင် ပေါ်ပေါက်ခဲ့ သည်ဟု သုတေသီများက မှတ်ချက်ကို တွေ့ရပေသည်။”

ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် မောင်းထောင်သာသနာပိုင် ဆရာတော် ဖြေကြား တော်မူသော အမေးတော်ဖြေကျမ်းတွင် ဇာတ်နိပါတ်တော်လာ အကြောင်းအရာများကို ညွှန်းဆိုပြီး ဒုတိယ အင်းဝခေတ်၊ ညောင်ရမ်းမင်းလက်ထက် ပေါ်ပေါက်ခဲ့သည်ဟု ဖြေကြားတော်မူထားသည်ကို တွေ့ရပေသည်။

မြင်းခင်းသဘင်နှင့် ဆက်စပ်၍ စာဆိုကွမ်းရေတော်ကိုင် ဦးယာ၏ လူးတား၊ မဟဓမ္မသင်္ကြန်၏ အဲမောင်းရေး ၃၇-ချင်းသံပေါက်၊ မြင်းစီးနည်း ၃၇- ချင်း၊ လောကဗျူဟာ အင်ရုံစာတမ်း၊ ရတနာပုံ ခေတ် မြင်းခင်းသဘင် (ကုန်းဘောင်ဆက် မဟာ ရာဇဝင် ကြီး) စသည်တို့တွင် ရှေးခေတ်မြင်းခင်း သဘင်၊ မင်းညီမင်းသားများ၊ စစ်ရေးတွင် ပြည်သူများ ပါဝင်မှုများကို အကျယ်တဝင့် လေ့လာသိရှိ နိုင်ပေသည်။

ရှေးမြန်မာဘုရင်များသည် ဤမြင်းခင်းသဘင်ကို ပျော်ပွဲရွှင်ပွဲမျိုးလုပ်ခြင်း မဟုတ်ဘဲ တိုင်းပြည် ကာကွယ်ရေးကို ရှေးရှု၍ ကျင်းပခဲ့ကြသည်ဟု ဆိုနိုင်ရာ၏။ လူစွမ်းကောင်းများ ပေါ်ထွက်ရေး၊ သက်လုံကောင်းရေးတို့သည် ဤပွဲမှ များစွာ အကြောင်းပြုပေသည်။ မြန်မာ့သမိုင်းစဉ်တွင် တိုင်းတပါးတို့နှင့် စစ်ရေးဖြစ်ခဲ့ကြတိုင်း အောင်မြင်ခဲ့ကြသည်မှာ ဤအကြောင်းအရာနှင့် ဆက်စပ်နေသည်ဟု ဆိုနိုင်ရာ၏။ မြန်မာနိုင်ငံသည် လူဦးရေ သန်းပေါင်းများစွာ ပြည့်နှက်နေသော တိုင်းပြည်ကြီး နှစ်ပြည်ကြား လူဦးရေပေါက်ကွဲနေသော နိုင်ငံနှင့်အခြား တိုင်းပြည်များကြားတွင် တည်ရှိနေသော နိုင်ငံဖြစ်ရာ စစ်ရေးဆိုင်ရာတွင် အမြဲသက်လုံကောင်းရန် လိုအပ်ပေသည်။

ထိုပွဲမျိုးကို (Paradigm အနေဖြင့်) မည်သို့ ဆင်ယင်ကျင်းပသင့်သည်ကို စဉ်းစားရာ၏။ မည်သို့ဖြစ်စေ မြန်မာနိုင်ငံသည် နှစ်ပေါင်း တစ်ထောင်ကျော်တိုင် အမျိုးဘာသာသာသနာနှင့် ကိုယ့်မင်းကိုယ့်ချင်း ရပ်တည်နေနိုင်သည့် အကျိုးဆက်များသည် ရှေးမြန်မာများ၏ အမျိုးသားရေးစိတ်ဓာတ်နှင့် စစ်ရေးသက်လုံကောင်းမှုကြောင့်ဟု ဆိုရပါမည်။

ပြာသိုလ၏ အခြားထူးခြားသောပွဲမှာ “ရှင်တစ်ထောင်” အခါတော်နေ့ ဖြစ်ပါသည်။ ဗုဒ္ဓ ဘုရားရှင်လက်ထက် ရသေ့ညီနောင် ရှင်တစ်ထောင် တို့သည် သူတို့၏ ရေငုပ်၊ မီးလှုံ၊ တုံးခုန်၊ ဇယ်ခပ် စသည့် အယူလွှဲ မိစ္ဆာဝါဒများ စွန့်လွှတ်၍ ဗုဒ္ဓ၏မဇ္ဈိမ ပဋိပဒါလမ်းစဉ်(ဝါ) ဗုဒ္ဓသာသနာအတွင်းသို့ ကူးပြောင်းရောက်ရှိလာကြသည်။ ထိုကို အကြောင်းပြုပြီး ပြာသိုလပြည့်နေ့တွင် ဘုရားရှင်ကို ရည်စူး၍ ဆီးမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ဆွမ်းတော် တစ်ထောင်၊ ရေတော်ခွက် တစ်ထောင်၊ သစ်သီးတစ်ထောင် ပူဇော်ကြလေသည်။ ဤပူဇော်ပွဲ အကြောင်းကို ရှေးဟောင်း စာပေမှတ်တမ်းမှတ်ရာ များ၌ ထူးထူးခြားခြား စီစဉ်ရေးသားမှု မတွေ့ရပေ။

မာဂဓီသာစည်ဆရာတော် ဘုရားရှိစဉ် ၁၂-လရာသီ မင်္ဂလာအခါတော်နေ့များ ကျင်းပကြရာမှ ပေါ်ပေါက်လာသည်ဟု သိရပါသည်။ မင်္ဂလာဗျူဟာ အသင်းချုပ်ကြီး၏ မင်္ဂလာအခါတော်နေ့များတွင်လည်း သီးခြားဖော်ပြထားသည်ကို မတွေ့ရပေ။ (မင်္ဂလာဗျူဟာအသင်းကို ၁၉-၅-၁၉၅၆ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။) မည်သို့ဖြစ်စေ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ ကောင်းမြတ်သော ကုသိုလ်မှု တစ်ခုပါပေ။ အနာဂတ်လူငယ်များအတွက် စုပေါင်း ကုသိုလ်ပြုမှု၊ ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်မှု များကိုဖြစ်စေသော အကြောင်းအရာ အချက်အလက် ဖြစ်ပေသည်။

ဗုဒ္ဓဘာသာတို့သည် အနန္တောအနန္တငါးပါးကို ဦးထိပ်ထားကြပါ၏။ ထိုအထဲတွင် မာတာပိတု ဂုဏော အနန္တောဆိုသည့်အတိုင်း မိဘတို့၏ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့ သတိပြု နှလုံးမူကြရိုး ရှိပါသည်။ ဤသည်ကို ဘာသာရေးအကြောင်းအရာနှင့် ဆက်စပ်မှုသာမက ဆရာကြီး အကယ်ဒမီ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် အမေများနေ့အဖြစ် ယဉ်ကျေးမှုအနေဖြင့်ပါ ဖြစ်ပေါ်လာခဲ့ပါ သည်။ ပြာသိုလ၏ လရာသီပွဲများတွင် ဘာသာရေး၊ အမျိုးသားရေး ယဉ်ကျေးမှုများဖြင့် အစဉ်ထုံမွှန်းပါ စေသတည်း။    ။

မောင်လူမွှေး(မြန်မာမှု)

နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။

#PAN