ဖြူရီ နှင့် အူဆက်ခ် တို့ စိန်ခေါ်ပွဲပျက်ပြယ်ကြောင်း သိရ


ဖေဖော်ဝါရီ ၄

ယခုလဖေဖော်ဝါရီလ ၁၇ ရက်မှာ ရီယာ့ဒ်မြို့၌ ထိုးသတ်ဖို့စီစဉ်ထားတဲ့ တိုင်ဆန်ဖြူရီ နဲ့ အူဆက်ခ် တို့ရဲ့ ဟဲဗီးဝိတ်တန်းစိန်ခေါ်ပွဲ ပျက်သွားပြီလို့ နှစ်ဖက်စလုံးက အတည်ပြုခဲ့ပါတယ်။ လေ့ကျင့်ရေးမှာ တိုင်ဆန်ဖြူရီ ရဲ့ မျက်ခုံးကွဲသွားခဲ့ပြီးနောက် ဟဲဗီးဝိတ်တန်းချန်ပီယံဆုများ ပေါင်းစည်းရေးပွဲက ပျက်သွားခဲ့တာ ဖြစ်ပါတယ်။ ဖြူရီ ရဲ့ မျက်လုံးအခြေအနေက ရက်ပိုင်းလောက်အနားယူရမယ့် အခြေအနေမှာရှိနေလို့ အခုလိုမျိုး ပွဲကိုဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ကြေညာချက်တွေမှာ ရေးသားထားပါတယ်။

ဗြိတိန်လက်ဝှေ့သမား ဖြူရီ က WBC ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ယူကရိန်းနိုင်ငံသား အူဆက်ခ် ကတော့ WBA, IBF, WBO နဲ့ IBO ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၁၇ ရက် မှာ ထိုးသတ်မယ့်ပွဲက ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တစ်ဦးတည်း ဟဲဗီးဝိတ်တန်း ချန်ပီယံဆုရှင် ပေါ်ထွက်လာဖို့ကို မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုင်ဆန်ဖြူရီဟာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ အမေရိကန်နိုင်ငံသား ဝိုင်ဒါ ကို အနိုင်ရပြီး WBC ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တာပါ။ အသက် ၃၇ နှစ်အရွယ် အူဆက်ခ် ကတော့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ဗြိတိန်နိုင်ငံသား ဂျော့ရှုအာ ကို အနိုင်ယူခဲ့ပြီးနောက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

PAN