တောင်သူများထံ ဓာတ်မြေဩဇာများနဲ့ ပိုးသတ်ဆေးများ ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်အမီ ရောင်းချ ပေးနိုင်ရေးစီစဉ်


ဇန်နဝါရီလ ၂၈

တောင်သူများအတွက် ဓာတ်မြေဩဇာများနှင့်ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန် အမီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး စီစဉ်လုပ်ဆောင်နေကြောင်း ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၂၄ ရက်က ကျင်းပခဲ့တဲ့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများရဲ့ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စိုက်ပျိုး သီးနှံများ အထွက်နှုန်းတိုးစေရေးအတွက် တောင်သူများရဲ့ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝသည့် ဓာတ်မြေဩဇာများနဲ့ ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်အမီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ထိုကဲ့သို့လုပ်ဆောင်ရာ၌ အားနည်းချက်မှာ နိုင်ငံတကာဈေးနှုန်းများ မြင့်တက်ချိန်တွင် ကုမ္ပဏီများက စာချုပ်ချုပ် ဆိုထားခြင်း၊ ဈေးနှုန်းသက်သာချိန်မှာ လိုအပ်သလောက် မဝယ်ယူနိုင်ခြင်း၊ ကုမ္ပဏီများအနေဖြင့် သွင်းအားစုများကို တင်သွင်းလိုသူများပြီး သက်ဆိုင်ရာဌာနများက သွင်းကုန်လိုင်စင်ပေါင်းများစွာအတွက် စိစစ် ဆောင်ရွက် ပေးနေရခြင်း၊ ယှဉ်ပြိုင်မှုမရှိခြင်းစတဲ့ အချက်များကို တွေ့ရကြောင်းနဲ့ အရည်အသွေးအာမခံ ကိစ္စအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဥပဒေနှင့်အညီ စစ်ဆေးပေးနေပြီး ဦးဆောင်ကော်မတီ တာဝန်ရှိသူများက ကော်မတီရဲ့ လုပ်ငန်းတာဝန်များနှင့်အညီ အလေးချိန်ပြည့်မီအောင်၊ အရည်အသွေးမှန်ကန်အောင် စစ်ဆေး ပေးခြင်း၊ ဖြန့်ဖြူးမည့်ဒေသများတွင် Spot Check အနေဖြင့် စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားပါတယ်။

#PAN