ဆံ​​တော်ရှင် ကျိုက်ထီးရိုး​​စေတီတော်သို့ ဘုရားဖူးပြည်သူ ၃ သိန်းနီးပါးလာရောက်ဖူးမျှော်

ဇန်နဝါရီ  ၂၈

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်သိုပင် ထင်ရှားကျော်ကြားသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူအများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ် လာရောက်ဖူးမြော်နေကြပြီး ယခုလ(ဇန်နဝါရီလ)၌ လာရောက်ဖူးမြော်မှု အများဆုံးဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲထံမှ သိရသည်။


သီတင်းကျွတ်လပြည့်နေ့မှ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ဘုရားဖူးပြည်သူ (၂၉၄၉၉၄) ဦး၊ ပြည်ပဘုရားဖူး (၆၅၄၀) ဦးရှိကြောင်း၊ နိုင်ငံခြားသား ပြည်ပဘုရားဖူးတွေထဲမှာ ထိုင်းနိုင်ငံက အများဆုံးဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ဘုရားဖူးပြည်သူ (၁၁၃၀၇၉) ဦး ရှိကြောင်း၊ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့်စိတ်ချမ်းမြေ့စွာဘုရားဖူးမြှော်နိုင်ရန် အတွက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲနှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်တက်မော်တော်ယာဉ် (၁၅၀) စီးကို နေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ် လူဦးရေနှင့် ယာဉ်စီးနင်းခများကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရသည်။


ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့်စည်ကားနေသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူ များပြားလျက်ရှိကြောင်း တွေ့ရသည်။


ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက် (စနေ၊တနင်္ဂနွေ)ပိတ်ရက် နှစ်ရက်၌ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးလာ ပြည်သူစုစုပေါင်း (၄၅၀၀၀) ခန့် လာရောက်ဖူးမြော်ခဲ့ကြကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ၏ မှတ်တမ်းအရ သိရသည်။

#PAN