မြောက်ကိုရီးယား၏ ပထမဆုံးသော ဗျူဟာမြောက် ခရုဇ်ဒုံးကျည် အမျိုးအစားသစ် စမ်းသပ်ပစ်လွှတ်

ဇန်နဝါရီ ၂၆

မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသောဗျူဟာမြောက် ခရုဇ်ဒုံးကျည် အမျိုးအစားသစ်ကို ဇန်နဝါရီလ ၂၄ ရက်က စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ Pulhwasal-3-31 ဒုံးပျံကို ပြုံယမ်းမှ စမ်းသပ်ပစ်ခတ်ခဲ့ ကြောင်း အစိုးရပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဇန်နဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ Pulhwasal ၏အဓိပ္ပါယ်မှာ “မီးတောက်နေသောမြား” ဟု အဓိပ္ပါယ်ရသည်။ မြောက်ကိုရီးယား၏ ဒုံးပျံအုပ်ချုပ်ရေးအဖွဲက စမ်းသပ်ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြသော်လည်း ဒုံးကျည်၏ပျံသန်းမှု အကွာအဝေး သိုမဟုတ် အခြား‌ အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်း မရှိပေ။ အဆိုပါ စမ်းသပ်မှုသည် နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာလက်နက်စနစ်ကို စဉ်ဆက်မပြတ်မွမ်းမံပြင်ဆင်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြောက်ကိုရီးယားသည် ဇန်နဝါရီလ ၂၄ ရက်တွင် ကိုရီးယားကျွန်းဆွယ်အနောက်ဘက် ပင်လယ်ဝါဆီသို ခရုဇ်ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် နှစ်မှစ၍ Hwasal ခရုဇ်ဒုံးကျည်များကို အကြိမ်ကြိမ် စမ်းသပ်ပစ်ခတ်ခဲ့သည်။ အဆိုပါ လက်နက်သည် နည်းဗျူဟာမြောက်နျူကလီးယားထိပ်ဖူးကိုသယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားပြီးနိမ့်သော ကောင်းကင်ယံတွင် အချိန်ကြာကြာ ပျံသန်းနိုင်သည်။ မြောက်ကိုရီးယား၏ခရုဇ်ဒုံးကျည်များကို ဂျပန် နှင့် တောင်ကိုရီးယားတိုရှိ အမေရိကန်အခြေစိုက်စခန်းများနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အသုံးပြု နိုင်ကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုကြသည်ဟု NHK သတင်းဌာနတွင် ဖော်ပြထားသည်။

PAN