ဒုတိယအကြိမ် ကော့ကရိတ်မြို့သိမ်း တိုက်ပွဲအတွက် အကြမ်းဖက်သောင်းကျန်းသူများ ပြင်ဆင်လျက်ရှိ

ဇန်နဝါရီ ၂၆

        ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကြာအင်းကုန်းကွက်သစ်၊  လပ်ကီး ၃ နောက်ကျော အ၀င်လမ်း တာ၀ါတိုင်အနီးတွင် နေထိုင်သော မိသားစု ၂ စုမှ သာမန်ပြည်သူ ၅ ဦးသည် ယမန်နေ့ နံနက်  ၁၁ နာရီအချိန်ခန့်တွင် ကော့ကရိတ်မြို့ နေအိမ်သို့လာရောက်ပြီး လိုအပ်သော ပစ္စည်းများ ပြန်ယူနေစဥ် အကြမ်းဖက်  PDF အဖွဲ့များက ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

       ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အဆိုပါ ဖမ်းခံထိသူ ၁ ဦးက ဖုံးဖြင့် အဆက်အသွယ် ရရှိ၍ မေး မြန်းခဲ့ရာ ၎င်းတို့အား PDF များက အိမ်ရှေ့တွင်လာရောက်ဖမ်း ဆီးသွားပြီး သတိပဌာန်ကျောင်းသစ်ဘုန်းကြီးကျောင်းသို့ခေါ်ဆောင်သွားခဲ့ကြောင်း၊ ကျောင်းသစ်သို့ရောက်သောအခါ ၎င်း တို့အား ” ဘာလာလုပ်တာလဲ ” ဟု စစ် ဆေးမေးမြန်းရာ  ၎င်းတို့က ” အိမ်ခဏပြန်လာကြည့်ပြီး အ၀တ်အစားနည်းနည်းလာယူရခြင်း ” ဖြစ် ကြောင်း ပြောပြခဲ့ရာ PDF အဖွဲ့မှ ” နောက်ဆို ပြန်မလာပါနဲ့ ပြန်နေဖို့လည်း မလာနဲ့”ဟု မှာကြားပြီး စာရွက်ပေါ်တွင် နောက်ထပ်ကော့ကရိတ်မြို့ရှိ ၎င်းတို့၏ နေအိမ်ကို ပြန်မလာတော့ပါကြောင်း ၀န်ခံကတိလက်မှတ်ရေး ထိုးခိုင်းကြောင်း သိရပါသည်။

      ထိုနောက် ၎င်းတို့အား ဘားအံ – မြဝတီကားလမ်းဟောင်းဘက်မှ ထွက်ခိုင်းပြီး လမ်းဟောင်းဘက်မှ ဘားအံသို့ ပြန်လာခြင်းဖြစ်ကြောင်း၊ ကော့ကရိတ်မြို့တွင် မီးခိုးလုံးများ မြင်တွေ့ရပြီး တိုက်ပွဲဖြစ်ပွားနေခြင်း​ဖြစ်ကြောင်း၊ စစ်တပ်မှ လွှတ်တင်သော ဒရုန်းဗုံးလာရောက် ကျကွဲခြင်းကြောင်း မီးခိုးလုံးများတက်နေခြင်း ဖြစ်ကြောင်း ​အဆိုပါ အဖမ်းခံရပြီး ပြန်လွတ်လာသူများက PAN သို့ ပြောပြလာသည်။

     အဆိုပါ အကြမ်းဖက် PDF များသည် ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက်၊ ပိတောက်လမ်း၊ အထက တောင်ပေါ်ရပ်ကျောင်းရှေ့တွင် နေထိုင်သော ကော့ကရိတ် ခရိုင်ပါတီရုံးမှ အငယ်တန်းစာရေး တစ်ဦး၏ နေအိမ်ပိုလည်း ၀င်ရောက်ဖျက်စီးခဲ့သည်ဟု သိရသည်။

      ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ကော့ကရိတ်မြို့ – မြ၀တီ သွားကားလမ်းဟောင်းပေါ် ရုံးကြီးရှေ့၊ ခရိုင်ရဲ၀င်းဘေးရှိ ခရိုင်ရဲအချုပ်ထောင် အနီးတွင် နှစ်ဖက်ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဥ်တွင် အကြမ်းဖက် KTLA အလောင်း ၁ လောင်း၊ RPG လောင်ချာ ၁ လက်၊ စက်လက် ၁ လက်၊ M-4 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ကျည် ၁၁၄ တောင့်တို့ကို တပ်မတော် လုံခြုံရေးအဖွဲ့က သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

       အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့ သည် ကော့ကရိတ်မြို့အား ဇန်နဝါရီ ၂၇ ရက်နေ့တွင် ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲအတွက် ယမန်နေ့မှစ၍ မြို့ထဲ၀င်ရောက်နေရာယူထားခြင်း ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ သတင်းပေးပို့မှုအရ သိရပါသည်။

#PAN