မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လူတိုင်းနှင့်သက်ဆိုင်သည့်တာဝန်

နှစ်သစ်၏အစ ယခုလပိုင်းအတွင်းမှာ မူးယစ်ဆေးဝါးပမာဏ အမြောက်အမြားဖမ်းဆီးရမိသည့်သတင်းများ ခပ်စိတ်စိတ်တွေ့နေရသည်။ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုကင်းမဲ့နေခြင်း၊ နိုင်ငံ၏အတွင်းပိုင်းဒေသအချို့၌ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေခြင်း စသည်တို့ကိုအခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ပိုမိုပြုလုပ်လာ ကြခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့အပြင်အချို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများတွင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များ တိုက်ရိုက်ပါဝင်နေကြသလို အချို့မူးယစ်ဆေးဝါးအမှုများမှာ နောက်ကွယ်၌ အဆိုပါအဖွဲ့များက ကြိုးကိုင်ဆောင်ရွက်နေကြသည့် သဲလွန်စအချို့ရှိနေကြသည်။

ယခုဇန်နဝါရီလ တတိယပတ်ကုန်အထိ ဖော်ပြခဲ့သည့် မူးယစ် ဆေးဝါး ပမာဏအမြောက်အမြားဖမ်းဆီးရမိသည့် သတင်းများအနက် ဇန်နဝါရီ ၄ ရက်တွင် တပ်မတော်(ရေ)က မြန်မာ့ပင်လယ်ပြင်၌ ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန်၊ ဇန်နဝါရီ ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ ဖမ်ဆီးရမိခဲ့သည့် ငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းနှင့် ဘိန်းဖြူကီလို ၁၀၀ ခန့်၊ ဇန်နဝါရီ ၁၇ ရက် တွင် နောင်ချိုမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် ၃၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ် နှစ်တန်တို့မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးပမာဏများပြားသကဲ့သို့ ငွေကြေးတန်ဖိုးအရလည်း ကြီးမားသည်။ ပင်လယ်ပြင်၌ ဖမ်းဆီးရမိခဲ့သော စက်လှေတစ်စင်းစာခန့် တင်ဆောင်လာသည့် မူးယစ်ဆေးဝါးများမှာ ကော့သောင်းမှတစ်ဆင့် ပြည်ပသို့ပို့ဆောင်ရန်ဖြစ်သည်ဟု သိရသည်။

အခြားမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများမှာ အနည်းဆုံး တန်ဖိုး ငွေကျပ်သိန်း ၄၀၀၀ ကျော်မှသည် ငွေကျပ်သန်းပေါင်း ၂၀၀၀ (နှစ်ဘီလီယံ) ခန့်အထိ အသီးသီးပါဝင်ကြပြီး ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ်ခေါ်မက်သ်အဖက်တမင်း၊ Happy Water စသည့် မူးယစ်ဆေးဝါးအမျိုးမျိုးဖြစ်ကြသည်။ ၎င်းမူးယစ်ဆေးဝါးများကို ကလေးမှတီးတိန်သို့၊ တောင်ကြီးမှကော့သောင်းသို့၊ ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့၊ ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့၊ ရန်ကုန်သို့စသည်ဖြင့်သယ်ဆောင်ကြစဉ် ဖမ်းမိခြင်းဖြစ်ရာ ဥပဒေကိုမျက်ကွယ်ပြု၍ လောဘ၏ သွေးဆောင်ရာနောက်သို့ အတင့်ရဲစွာလိုက်ပါကြခြင်းဖြစ်သည်။ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒတွင် “အကျိုးအမြတ်များလှသော မူးယစ်ဆေးဝါးကုန်သွယ်မှုသည် နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့မှုခင်းများအား အားပေးလျက်ရှိပြီး အကျင့်ပျက်ခြစားမှုနှင့်ဆက်စပ်သော တရားမဝင်လုပ်ငန်းများကိုလည်း ဖြစ်စေလျက်ရှိ သဖြင့် နိုင်ငံ၏လုံခြုံမှုနှင့် နိုင်ငံသားတစ်ဦး တစ်ယောက်ချင်းစီ၏လုံခြုံမှုကိုပါ ခြိမ်းခြောက်စေလျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် ဥပဒေပိုင်းဆိုင်ရာအရ ဟာကွက်များရှိနေခြင်း၊ တားဆီးနှိမ်နင်းရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုတွင်လည်း အားနည်းချက်များရှိနေသေးခြင်း၊ မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးစွမ်းဆောင်ရည်နည်းနေသေးခြင်း၊ မူဝါဒများ၊ တည်ဆောက်ရာတွင် အ‌ခြေခံရမည့် သတင်းအချက်အလက်များနှင့် သိပ္ပံနည်းကျအထောက်အထားများ ရရှိနိုင်မှုနည်းပါးခြင်း စသည်တို့သည် စိန်ခေါ်မှုများအဖြစ် တည်ရှိလျက်ရှိပါသည်။ ထို့ပြင် တရားဥပဒေစိုးမိုးမှု အားနည်းသောအထူးဒေသများတွင် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရန်ခက်ခဲခြင်း စသည့်စိန်ခေါ်မှုများကလည်း မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းတို့အား ထိန်းချုပ်တားဆီးရာ၌ အခက်အခဲများအဖြစ်ရှိနေပါသည်။”ဟူ၍ ဖော်ပြထားသည်ကို တွေ့ရသည်။

၂၀၂၀ ပြည့်နှစ် အစောပိုင်းမှစ၍ လက်ရှိကာလအထိ မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲပဋိပက္ခများ၊ နိုင်ငံတွင်း ဒေသအချို့မတည်ငြိမ်မှုများက မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုတို့ကို ပိုမိုအားပေးနေသည့်သဖွယ်ဖြစ်သည်။ မူးယစ်ဂိုဏ်းသားတို့အတွက် အကျိုးအမြတ်လွန်စွာကြီးမားသည့် မူးယစ်ဆေးဝါးသည် နိုင်ငံနှင့်လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသလို လူသားထုတစ်ရပ်လုံးအတွက်လည်း အန္တရာယ်ဖြစ်သည့်အလျောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးသည် လူတိုင်းနှင့်သက်ဆိုင်သည့် တာဝန်တစ်ရပ်အဖြစ် ပါဝင်ထမ်းဆောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။

#PAN