လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ ရွာမြေကဲ့သို့ အခိုင်အမာအဆောက်အအုံများ ဆောက်လုပ်ခြင်းသည် တည်ဆဲလယ်ယာမြေဥပဒေနှင့် လယ်ယာမြေနည်းဥပဒေများကို မျက်ကွယ်ပြုဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးပြော

ဇန်နဝါရီ ၂၀

လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေကဲ့သို့ အခိုင်အမာအဆောက်အအုံများ ဆောက်လုပ်ခြင်းမျိုးသည် တည်ဆဲလယ်ယာမြေဥပဒေနှင့် လယ်ယာမြေနည်းဥပဒေများကို မျက်ကွယ်ပြုဆောင်ရွက်နေခြင်းဖြစ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်မှ ပြောကြားလိုက်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ (Standard Operating Procedure -SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်မှ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ စိုက်ပျိုးမြေများ မလျော့ပါးစေရေးနှင့် တိုးပွားလာသော ပြည်သူလူထုအတွက် နေထိုင်နိုင်ရန် မြေနေရာလုံလောက်ရေး၊ တိုးတက်ဖွံ့ဖြိုးလာသော စက်ရုံအလုပ်ရုံများအတွက် မြေနေရာအသုံးပြုနိုင်ရေးတို့ကို အခြေခံ၍ အဆိုပါလိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့် Standard Operating Procedure – SOP ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PAN