မော်လမြိုင်မြို့၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ဇန်နဝါရီ – ၁၄

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA(ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အသင်းဝင်များ၊ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း ခံရသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) ဥက္ကဌ (ကိုယ်စား) ဗဟိုတွဲဘက် အတွင်းရေးမှူးမှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းချီးမြှင့်ရခြင်း အကြောင်း နှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားကာ ပြည်နယ်ဝန်ကြီးချုပ်က မြစေတီစာသင် တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်အား ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA(ဗဟို)မှ လှူဒါန်းပူဇော်သော အဘိဓဇအဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်သည်။ ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဌ ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလ ဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစည်းများအား ဆရာတော်ကြီး(၁၅)ပါးအား ဆက်ကပ်လှူဒါန်းပူဇော်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်္ဂလဓမ္မဇောတိကဓဇ၊ မင်္ဂလဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော် ရရှိသည့် လူပုဂ္ဂိုလ်(၁၀)ဦးနှင့် အမျိုးဘာသာ သာသနာ ပညာအကျိုးအတွက် စစ်မှန်သော စေတနာဖြင့် ကိုယ်ကျိုးမဖတ် အနစ်နာခံ၍ မိမိအသက်ကို ပဓာနမထားဘဲ တာဝန် ထမ်းဆောင်ခဲ့သည် လူပုဂ္ဂိုလ်(၁၁)ဦးအား YMBA ဂုဏ်ရည်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ကြသည်။ ထို့နောက် မော်လမြိုင်မြို့၊ မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ ဒုတိယမြိုင်ကြီးငူ ဆရာတော်ကြီး ဘဒ္ဒန္တဉာဏိတနှင့် ကျိုက်ထီးဆောင်း ဒုတိယ ဒီပဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ ဆရာတော်ကြီးများထံမှ သြဝါဒတရား နာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews