နိုင်ငံပိုင်သတင်းစာများမှ ဆောင်းပါးများ

ဘာသာသာသနာအထိမခံ ပြင်းထန်ဆန့်ကျင်

နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ဘာသာသာသနာယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ထားကြသည်။ ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာများသည် ထိုနိုင်ငံ၊ ထိုလူမျိုးတို့၏အသက်ဝိညာဉ်ဖြစ်သည်။ မြန်မာနိုင်ငံသားအများစုသည် ထေရဝါဒဗုဒ္ဓသာသနာကို အစဉ်အလာမပျက် ယုံကြည်ကိုးကွယ်ဆည်းကပ်ကြသူများဖြစ်သည်။ ပုဂံခေတ်အနော်ရထာမင်းလက်ထက်မှစ၍ ယနေ့ထက်တိုင်အောင် ထေရဝါဒဗုဒ္ဓဘာသာသည် နိုင်ငံတစ်ဝန်းထွန်းလင်းတောက်ပခဲ့သည်။ မြန်မာတို့သည် ဗုဒ္ဓဘာသာအပေါ်အခြေခံ၍ မြန်မာ့ယဉ်ကျေးမှုကို တည်ဆောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ သူ့ကျွန်ဘဝနယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့စဉ်က မြန်မာတို့၏ အမျိုးအနွယ်၊ စာပေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည့်ဓလေ့ထုံးတမ်းစဉ်လာများ ရိုက်ချိုးဖျက်ဆီးခံခဲ့ရသည်။ ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့စဉ်က မြန်မာလူမျိုးတို့ အထွတ်အမြတ်ကိုးကွယ်သော ရုပ်ပွားဆင်းတုတော်တို့ကို နယ်ချဲ့တို့၏ခြေထောက်အောက်တွင်ထား၍ ဓာတ်ပုံအရိုက်ခံကာ မြန်မာတို့၏ဘာသာအား နင်းခြေပြသည့်လုပ်ဆောင်ချက်မှာ ယနေ့ထက်တိုင် မမေ့နိုင်သေးပေ။ မကြာသေးမီရက်ပိုင်းက MNDAA ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများက စေတီတစ်ဆူကို ထုရိုက်ဖျက်ဆီးနေသည့် ရုပ်သံမှတ်တမ်းတစ်ခု ပေါ်ထွက်ခဲ့ပြန်ရာ မြန်မာတို့၏နှလုံးသားကို အပ်နှင့်ဆွသကဲ့ မချိခံပြင်းစိတ်များ ဖြစ်ပေါ်ခဲ့ကြသည်။

အတိတ်တစ်ချိန်က လူမျိုးခြား၊ ဘာသာခြားတို့ မြန်မာ့ယဉ်ကျေးမှုဘာသာသာသနာကို နင်းခြေဖျက်ဆီးခဲ့သလို ယခုတစ်ဖန်ဖျက်ဆီးခြင်းကို မြင်တွေ့ကြားရသောအခါ ဘာသာသာသနာယဉ်ကျေးမှုကို ချစ်မြတ်နိုးသော ရဟန်းရှင်လူပြည်သူများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချနေကြသည်ကို မြင်တွေ့ရပေသည်။ ကိုလိုနီနယ်ချဲ့လက်ဟောင်းများနည်းတူ မျက်မှောက်ကာလတွင်လည်း နယ်ချဲ့လက်သစ်ဝါဒီများက မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးအား ကျွန်ပြုအံ့ဟုခြိမ်းခြောက်အန္တရာယ်ပြုလျက် မီဒီယာနည်းလမ်း၊ စီးပွားရေးနည်းလမ်းတို့ဖြင့် တိုက်ခိုက်နေသည်သာမက သောင်းကျန်းသူအဖျက်သမားများကို စစ်ရေးနည်းလမ်းဖြင့် မြှောက်ပင့်ပေးပြီး ဘာသာသာသနာကို ဖျက်ဆီးသည့်လုပ်ရပ်များကိုပါ ယနေ့မြင်တွေ့လာရသည်။

မျက်မှောက်ကာလတွင် အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားများ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဘုရားရှိခိုးကျောင်းများကို ဒရုန်းများအသုံးပြုတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများအတွင်းသို့ ဝင်ရောက်နေရာယူပြီး အခိုင်အမာစခန်းပြုလုပ်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများဖြင့် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ကို တွေ့မြင်နေရသည်။

ပြီးခဲ့သည့်နှစ်အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို ခံစစ်စခန်းပြုလုပ်ခဲ့ခြင်း၊ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့ ဇောတိရာမပင်မကျောင်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်း၊ KNLA နှင့် PDF အကြမ်းဖက်သမားတို့က ဥကရစ်ထနယ်မြေအတွင်းရှိ စေတီပုထိုးနှင့် ဘာသာရေးအဆောက်အအုံအတွင်း ခံစစ်စခန်းပြုလုပ်ခဲ့ခြင်း၊ KNPP နှင့် PDF အကြမ်းဖက်သမားများက ကယားပြည်နယ် ပန်တိန်းမြို့ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ MNDAA ပူးပေါင်းအဖွဲ့က မူဆယ်မြို့ရှိ ရပ်တော်မူဘုရားနှင့် မိဂဒါမဟာစေတီကို ဒရုန်းအသုံးပြုဖျက်ဆီးခဲ့ခြင်း၊ TNLA သောင်းကျန်းသူများက နမ့်ခမ်းမြို့ ပေါက်တိုက်မရပ်ကွက်ရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးများဖြင့်တိုက်ခိုက်ခြင်း၊ AA သောင်းကျန်းသူများက မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့ပြီး ယခုနှစ်ဦးတွင် MNDAA တို့က စေတီဘုရားအား ဖြိုချဖျက်ဆီးခြင်းကို ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သည့် အဓိကနိုင်ငံဖြစ်သော်လည်း ဘာသာမျိုးစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသောနိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များသည် မိမိဘာသာကို တန်ဖိုးထားမြတ်နိုးကြသလို သူတစ်ပါးဘာသာကိုလည်း လေးစားတန်ဖိုးထားသူများဖြစ်သည်။ မိမိဘာသာကိုလည်း ထိပါးစော်ကားအထိမခံ သူတစ်ပါးဘာသာကိုလည်း နှောင့်ယှက်ဖျက်ဆီးခြင်းလည်းမပြုလုပ်ပေ။ ယခု အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီများနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများကို အကြောင်းမဲ့ဖျက်ဆီးလာခြင်း၊ ဘာသာဆိုင်ရာတို့ကို ရိုင်းပျစော်ကားစွာ ပြုလုပ်လာခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူများက တို့ဘာသာ၊ တို့လူမျိုး၊ တို့နိုင်ငံကို အထိမခံ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ