တရုတ်(တိုင်ပေ)ကြောင့် အမေရိကန်နှင့် တရုတ်တို့ စစ်ရေးပဋိပက္ခဖြစ်လျှင် ကမ္ဘာ့ဂျီဒီပီ ၁၀ ရာခိုင် နှုန်း ကျဆင်းမည်

ဇန်နဝါရီ ၁၁

တရုတ်(တိုင်ပေ)အရေးကြောင့် အမေရိကန်နှင့် တရုတ်တို့ကြား စစ်ရေးပဋိပက္ခဖြစ်ပါက ကမ္ဘာ့ဂျီဒီပီမှာ ၁၀ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်ကြောင်း Bloomberg သတင်းဌာနက ခန့်မှန်းထားသည်။

ကမ္ဘာ့ဂျီဒီပီ ၁၀ ရာခိုင်နှုန်းကျဆင်းခြင်းမှာ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံဆုံးရှုံး မှုနှင့်ညီမျှသောကြောင့် ပဋိပက္ခတွင်ပါဝင်လာနိုင်သော အဖွဲ့အစည်းများအနေဖြင့် ထိုပဋိပက္ခကို ရှောင်ရှားနိုင်ခြေ ရှိကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

တရုတ်(တိုင်ပေ)သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျင့်သုံးနေသည့် တရုတ်နိုင်ငံပိုင် ကျွန်းတစ်ကျွန်းဖြစ်ပြီး တရုတ်အစိုးရက ထိုဒေသကို ပြည်မကြီးနှင့်ပေါင်းစည်းရန် နည်းလမ်းစုံသုံးပြီး ဆောင်ရွက်သွားမည်ဟု ပြောထားစဉ် အမေရိကန်က ယင်းနေရာကို ကာကွယ်ပေးမည်ဟု ကတိပြုထားသည်။

တရုတ်အစိုးရအနေဖြင့် တရုတ်(တိုင်ပေ)နှင့် ပြန်လည်ပေါင်းစည်းရေးကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသော်လည်း ထိုဒေသကသာ လွတ်လပ်ရေးကို တရားဝင်ကြေညာလိုက်ပါက နောက်ဆုံး နည်းလမ်းအဖြစ် စစ်ရေးနည်းလမ်းကို အသုံးပြုမည်ဖြစ်ကြောင်းနှင့် တရုတ်(တိုင်ပေ)နှင့်တရုတ်ပြည်မကြီး တို့သည် မလွဲမသွေပြန်လည်ပေါင်းစည်းရမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောထားသည်။

ထိုင်ဝမ်ရေလက်ကြားသည် အဓိကကျသည့် ကုန်သွယ်ရေလမ်းကြောင်း လမ်းသစ်တစ်ခုဖြစ်သည့်အပြင် တရုတ်(တိုင်ပေ)ကိုယ်တိုင်ကလည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို အဓိကထုတ်လုပ်ပေးနေသူ ဖြစ်သော ကြောင့် အင်အားကြီးနှစ်နိုင်ငံကြားတွင် ၎င်းတို့နှင့်ပတ်သက်၍ စစ်ရေးပဋိပက္ခဖြစ်ပါက ဆုံးရှုံးမှုများမည် ဖြစ်ကြောင်း Bloomberg သတင်းဌာနက ကွန်ပျူတာပုံစံတူ အသုံးပြုတွက်ချက် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN