ဒီဇင်ဘာလတတိယပတ်တွင် ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၂၆၆ သန်းကျော် တင်ပို့နိုင်ခဲ့

ဇန်နဝါရီ ၁

      ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် မြန်မာ နိုင်ငံ၏ ပြည်ပသို့ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၆ သန်းကျော်ရှိသည်။ နှစ်သစ်ကူးကာလဖြစ်၍ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပနိုင်ငံများမှ ဝယ်လိုအားအတက်ဘက်သို့ ဦး တည်လျက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း ပြည်ပသို့ ပဲတီစိမ်း၊ မတ် ပဲ၊ ပဲစင်းငုံနှင့် အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရော်ဘာစိမ်း၊ ကြက် သွန်နီစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများ ပိုမိုတင်ပို့နိုင်သကဲ့သို့ စက်မှုကုန်ချောများဖြစ်သည့် CMP ချုပ်ပြီး အထည်များလည်း ပိုမိုတင်ပို့နိုင်ခဲ့သည်။

      ယခုအပတ်တွင် ပဲမျိုးစုံတန်ချိန် ၂၄၇၇၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိခဲ့သည်။ ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ်၊ ကနေဒါ၊ အမေရိကန်၊ ဂျပန်နိုင်ငံများသို့ ယခင်ရက်သတ္တပတ်များထက် ပင်လယ်ရေ ကြောင်းမှ တင်ပို့မှု ပိုမိုတိုးတက်လာကြောင်း တွေ့ရှိရသည်။

      နှမ်းမျိုးစုံမှာ နှစ်သစ်ကူးကာလအတွင်း ဝယ် လိုအားမြင့်တက်လျက်ရှိရာ တရုတ်နိုင်ငံသို့ ယခင်အပတ်ထက် နှမ်းမျိုးစုံပိုမိုတင်ပို့ခဲ့သည့်အပြင် ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ထိုင်ဝမ်နိုင်ငံတို့မှလည်း ဝယ်လိုအား များ ပြားခဲ့သည်။ နှမ်းနက်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၃၈၀ မှ ၁၈၁၅ အထိ ပို့ကုန်စျေးနှုန်းရရှိခဲ့ပြီး ပြည်တွင်းနှမ်းဈေးကွက်တွင်လည်း တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကုန် စည်ဒိုင်စျေးကွက်များတွင် နှမ်းနက် ၄၅ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀ မှ ၃၄၀,၀၀၀ ပေါက်စျေးဖြင့် လတ်တလောတွင် ဈေးအတက်ဘက်သို့ ဦးတည်လျက်ရှိသည်။

      မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အထည်ချုပ်ကဏ္ဍသည် အဓိကကျသောကဏ္ဍမှ ပါဝင်သည်။ အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့မှု၌ CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းမှာ အများဆုံးဖြစ်ပြီး လုပ်သားအင်အားအခြေပြုသည့် Labour Intensive Industry အကောင်းဆုံး အထည်ချုပ်လုပ် ငန်းဖြစ်သည်။ ယခုရက်သတ္တပတ်အတွင်း ပြည်ပသို့ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂ သန်းကျော်ရရှိခဲ့ပြီး နိုင်ငံပေါင်း ၅၃ နိုင်ငံသို့ တင်ပို့ခဲ့သည်။ ဂျပန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့မှ အများဆုံးမှာယူ တင်သွင်းခဲ့ကြောင်း သိရှိရသည်။

      ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးဆောင်ရွက်ရာတွင် CMP ကဏ္ဍတိုးတက်ရေးကို ဦးစားပေး ဆောင် ရွက်လျက်ရှိပြီး CMP အထည်ချုပ်လုပ်ငန်းအပြင် လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဖိနပ်၊ အိတ်မျိုးစုံ၊ ဆံပင်အတု၊ မှန် ဘီလူးနှင့် ကင်မရာ စသည့်စက်မှုလုပ်ငန်းများကိုလည်း CMP စနစ်ဖြင့်လုပ်ကိုင်နေသည်။

      စက်ရုံအလုပ်ရုံများမှ ကုန်ကြမ်းပစ္စည်းလက်ခံပြီး ကုန်ချောထုတ်လုပ်ပေးသည့် CMP လက်ခ စားစနစ်မှတစ်ဆင့် ကိုယ်တိုင်ထုတ်လုပ်တင်ပို့နိုင်သည့်စနစ်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မြန်မာ နိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ သက် ဆိုင်ရာအဖွဲ့ အစည်းများနှင့် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

#PAN