မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က စစ်ရေးပြင်ဆင်မှုတွေကို အရှိန်မြှင့်ဖို့ အမိန့်ပေးခဲ့

ဒီဇင်ဘာ ၂၉

     မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အမေရိကန်၏ မကြုံစဖူး ထိပ်တိုက်ရင်ဆိုင်မှု လှုပ်ရှား မှုများကို တန်ပြန်ရန် ၎င်း၏စစ်တပ်၊ ခဲယမ်းလုပ်ငန်းနှင့် နျူကလီးယားလက်နက်ကဏ္ဍတို့ကို အရှိန်မြှင့်ရန် အမိန့်ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေး နေ့တွင် ပြောကြားခဲ့သည်။

      ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သော အာဏာရပါတီ၏ အဓိကအစည်းအဝေးတွင် ကင်ဂျုံအွန်က နှစ်သစ်အတွက် မူဝါဒလမ်းညွှန်ချက်များကို ပြောကြားရာတွင် ပြုံးယမ်းသည် “နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်သော” နိုင်ငံများနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုကို တိုးချဲ့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

      မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် အသုံး ပြုရန်အတွက် မော်စကိုအား စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ပေးနေကြောင်း ဝါရှင်တန်က စွပ်စွဲထားသောကြောင့် ရုရှားနှင့် ဆက်ဆံရေးကို ချဲ့ထွင်လျက်ရှိပြီး ရုရှားသည် မြောက်ကိုရီးယား၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ရန် နည်းပညာပိုင်းကို ပံ့ပိုးပေးနေသည်။

       “သူ (ကင်) သည် စစ်ပွဲပြင်ဆင်မှုများကို ပိုမိုအရှိန်မြှင့်ရန်အတွက် ပြည်သူ့တပ်မတော်နှင့် ခဲယမ်းလုပ် ငန်း၊ နူကလီးယားလက်နက်နှင့် အရပ်ဘက်ကာကွယ် ရေးကဏ္ဍများအတွက် စစ်သွေးကြွလုပ်ငန်းတာဝန်များကို ချမှတ်ခဲ့ကြောင်း” KCNA မှ ပြောကြားခဲ့သည်။

        ကြာသပတေးနေ့တွင် တောင်ကိုရီးယားသမ္မတ Yoon Suk Yeol သည် ၎င်း၏ ကာကွယ်ရေး အနေ အထားကို စစ်ဆေးရန် Yeoncheon အရှေ့ပိုင်းခရိုင်ရှိ ရှေ့တန်းစစ်စခန်းသို့ သွား ရောက်ခဲ့ပြီး အကယ်၍ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေ ရှိခဲ့လျှင် ချက်ချင်းလက်တုံ့ပြန်ရန် နှိုးဆော်ခဲ့သည်။

       “ရန်သူရဲ့ ရန်စလိုတဲ့ စိတ်ဓာတ်ကို ပြတ်ပြတ်သားသား ချက်ချင်းချေမှုန်းဖို့ ငါတိုက်တွန်းပါတယ်” ဟု Yoon မှ တပ်ဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

      ပါတီ၏ မျက်နှာစုံညီ အစည်းအဝေး အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် နိုင်ငံ၏ငါးနှစ်တာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ပြီးမြောက်အောင်မြင်ရန် နှစ်သစ်အတွက် စီးပွားရေးရည်မှန်းချက်များကို ချမှတ်ခဲ့ကြောင်း KCNA က ပြောကြားခဲ့သည်။

      “သူသည် နှစ်သစ်အတွက် အရေးကြီးသော လုပ် ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး အဓိကစက်မှုကဏ္ဍများတွင် အရှိန်အဟုန်ပြင်းစွာ တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး လယ်ယာထွက်ကုန် ထုတ် လုပ်မှုကို မြင့်မားစွာ တည်ငြိမ်စေရန် နှိုးဆော်ခဲ့သည်။

      မြောက်ကိုရီးယား၏ သီးနှံအထွက်နှုန်းသည် ကောင်းမွန်သော ရာသီဥတုအခြေအနေကြောင့် ၂၀၂၃ ခုနှစ်တွင် တစ်နှစ်ထက်တစ်နှစ် တိုးလာမည်ဟု ခန့်မှန်းရသည်။  သို့သော်လည်း နိုင်ငံ၏ နာတာရှည် စားနပ် ရိက္ခာ ပြတ်လပ်မှုကို ဖြေရှင်းရန် လိုအပ်သည့် ပမာဏထက် များစွာ လျော့နည်းနေသေးကြောင်း ဆိုးလ် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

      ၈ ကြိမ်မြောက် ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ၏ နဝမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို အင်္ဂါနေ့တွင် စတင်ခဲ့ပြီး မြောက်ကိုရီးယားသည် ၎င်း၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နျူကလီးယားမူဝါဒကို ထည့်သွင်းကာ ထောက်လှမ်းရေးဂြိုလ်တုကို ပစ်လွှတ်ခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည်အသစ်ကို ပစ်ခတ်ခဲ့သည်။

      ပါတီနှင့် အစိုးရအရာရှိများ၏ ရက်အတန်ကြာ စည်းဝေးပွဲများကို မကြာသေးမီနှစ်များအတွင်းက အဓိကမူဝါဒထုတ်ပြန်ချက်များ ပြုလုပ်ရန် အသုံးပြုခဲ့သည်။  ယခင်က နိုင်ငံပိုင်မီဒီယာများက နှစ်သစ်ကူးနေ့တွင် ကင်၏မိန့်ခွန်းကို ထုတ်ပြန်ခဲ့သည်ဟု NBC News က ဖော်ပြထားသည်။

#PAN