KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လွိုင်ကော်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းလာခဲ့ မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့

နိုဝင်ဘာ – ၁၃

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင်  လွိုင်ကော် တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းလာခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးပမ်း လာမှုအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရလျှင်ရခြင်း တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး၊ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဘေးကင်းရာနေရာများသို့ ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်လျက်ရှိစဉ် အကြမ်းဖက်အဖွဲ့များနှင့် အပြန်အလှန်ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။  

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ လူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဒေသခံတိုင်းရင်းသား ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ်အတွင်း၌လည်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အများပြည်သူများ အစုလိုက်၊ အပြုံလိုက် သေကျေဒဏ်ရာရရှိစေလိုသော ယုတ်မာရက်စက်သည့် ရည်ရွယ်ချက်ဖြင့် လက်နက်ကြီးများဖြင့်အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သော ကြောင့် ဒေသခံပြည်သူအချို့ ထိခိုက် သေဆုံးခဲ့ကြရ ကြောင်းသိရှိရသည်။

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များ မဟုတ်သည့် ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းခဲ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများသည် မည်သူ တစ်ဦးတစ်ယောက် ကိုမျှ အကျိုးမရှိစေဘဲ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီးစေလိုသည့်၊ အသိဉာဏ်ကင်းမဲ့သည့် လူမဆန်သောလုပ်ရပ် ဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်မှု များကြောင့် တက္ကသိုလ်အတွင်းရှိ ပညာရေးဆိုင်ရာ သင်ကြားမှု၊ သင်ယူမှုအထောက် အကူပြု ပစ္စည်းများနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရပြီး လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ အကြမ်းဖက်အဖွဲ့များ ၏ အလောင်း၊ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တက္ကသိုလ်အနီးတစ်ဝိုက်တွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။  ထို့ပြင် ယနေ့တွင် စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေး ပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရသဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက်များစွာ ထိခိုက် နစ်နာခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များ၏ လုပ်ဆောင်မှုများအပေါ် အကြမ်းဖက်မှုတန်ပြန် ချေမှုန်းရေးအတွက် လိုအပ်သည်များ တုံ့ပြန်ဆောင်ရွက်လျက်ရှိပြီး ကယားပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့်လည်း မိမိတို့၏ ဒေသ အေးချမ်းသာယာစေရေး၊ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိ စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် သတင်းရရှိသည်။

#PAN