ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ အား ၎င်းတို့၏မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

အောက်တိုဘာ ၃၁

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင် လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိ ပြီးဖြစ်ရာ ယနေ့တွင် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူ များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေး အပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာ သူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများ ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန် ခြင်းမရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မရမ်းကုန်း မြို့နယ်နှင့် ဒလမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း ပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ မိသားစုဝင်များ ကိုယ်စား မိခင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

      ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင် အတွင်းဝင်ရောက်လာ သူများအား ပြန်လည်ကြိုဆို လက်ခံ၍ လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးလျက် ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေ သေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။