နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ် ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ

အောက်တိုဘာ – ၃၁

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံ ရေးဝန်ကြီး  H.E. Mr. Wang  Xiaohong ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကြောင်း သိရှိရပါသည်။

    အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး တို့တက်ရောက်ကြပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H. E. Mr. Chen Hai နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည် စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် MNDAA သောင်းကျန်းသူများက နယ်မြေ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ လုံခြုံရေးစခန်းများအား တိုက်ခိုက်မှုများ ဆောင်ရွက်လာမှု အခြေအနေများ၊ လောက်ကိုင်ဒေသတွင် ကိုယ်ကျိုးစီးပွား အတွက် အွန်လိုင်းလောင်းကစားများ၊ ဆက်သွယ်ရေး လိမ်လည်မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့်ရောင်းဝယ်မှုများ ဆောင်ရွက်နေမှုများအား နှစ်နိုင်ငံပူးပေါင်း၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာ့နိုင်ငံရေး အပါအဝင် အခြားကမ္ဘာ့နိုင်ငံအရေးများ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုမှ ဝင်ရောက်စွက်ဖက်၍ ၎င်းတို့နိုင်ငံ၏ အကျိုး အတွက်သာကြည့်ပြီး အခြားနိုင်ငံများအပေါ် Double Standard ဖြင့် ချယ်လှယ် ဆောင်ရွက်နေမှုအခြေအနေများ။

    ရှမ်းပြည်နယ်မြောက်ပိုင်းဒေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိ ပြီးချိန်ကတည်းက တိုင်းရင်းသားအဖွဲ့များ အချင်းချင်း အားပြိုင်မှုများဖြစ်ပေါ်ကာ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှု၊ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ ကိုးကန့် ဒေသအတွင်း “ဖုန်” / “ရန်”အဖွဲ့တို့ အရေးအခင်း ဖြစ်ပွားခဲ့မှု၊ “ပယ်”အဖွဲ့အား တာဝန်ပေးအပ်ခဲ့မှု၊ အာဏာရလိုမှု၊ လက်နက်ခဲယမ်းများထုတ်လုပ်နေမှု၊ လက်နက် ခဲယမ်းများ ဝင်ရောက်မှုများကြောင့် ဒေသတွင်းနှင့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်ပျက်စီးစေလျက်ရှိမှု၊ နယ်စပ်ဒေသတွင် တရားမဝင်အွန်လိုင်း လောင်းကစားမှု များနှင့် ဆက်သွယ်ရေး လိမ်လည်မှုများ ဖြစ်ပေါ်လျက်ရှိမှုတို့အား  ထိထိရောက်ရောက် တင်းတင်းကြပ်ကြပ် အရင်းအမြစ် ကစ၍ နှိမ်နင်းဖော်ထုတ် ဆောင်ရွက်သွားမည့်အခြေအနေများ၊ အဆိုပါ ဒေသအတွင်းရှိ ဥပဒေနှင့် ညီညွတ်မှု မရှိသည့်လုပ်ငန်းများကို စိစစ်ဖော်ထုတ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံပူးတွဲ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအခြေအနေ များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသပါသည်။

    တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး  တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိ သည်။