“ကာတာနိုင်ငံအစိုးရက မော်ရိုကို နိုင်ငံအတွင်းရှိ ငလျင် ဒုက္ခသည်များ အတွက် ကာတာရီယဲလ်ငွေ ၁သန်းတန်ဖိုးရှိသော ကူညီထောက်ပံ့ပစ္စည်းများ ပေးပို့နိုင်ရန် စီစဥ်နေ”

စက်တင်ဘာ ၁၁

မော်ရိုကိုနိုင်ငံအတွင်း ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၂,၁၀၀ ကျော်သွားပြီဖြစ်ပြီး ဒဏ်ရာရသူ အရေအတွက်များလည်း ပိုမို တိုးပွားလို့ လာနေပါတယ်။

မော်ရိုကိုနိုင်ငံပိုင် မီဒီယာ၏အဆိုအရ မော်ရိုကိုတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၁၀၀ ကျော်သွားခဲ့ပြီဖြစ်ပြီး ၂၄၂၁ ဦးထိ ဒဏ်ရာရရှိခဲ့ကြကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက် တနင်္ဂနွေနေ့တွင် တရားဝင် သတင်း ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံတွင် ပြင်းထန်သော ငလျင်လှုပ်ခတ်သွားပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ဗြိတိန်၊ စပိန်၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့မှ အကူအညီများကို မော်ရိုကိုအစိုးရမှ လက်ခံသဘောတူထားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ကာတာ ကြက်ခြေနီ အသင်းကြီး သည် မော်ရိုကိုနိုင်ငံသို့ ရွက်ဖျင်တဲများ၊ စောင်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အစားအသောက်နှင့် ဆေးဝါးများ ပေးပို့ရန် ကာတာရီယဲလ်ငွေ ၁ သန်း (ကန်ဒေါ်လာ ၂၇၄,၆၀၀) တန်ဖိုးရှိ ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးပို့နိုင်ရန် ကာတာနိုင်ငံအစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားပါတယ်။