ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၇၀၊ ၂၇×၂၈ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဉီးစီးဌာနရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်းသိရသည်။
ဗုံးပေါက်ကွဲရာနေရာသို့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က စစ်ဆေးနေစဉ် အမည်မသိ အမျိုးသား ၂ ဉီးသည် ရုပ်ဆိုးဆိုင်ကယ် (စိစစ်ဆဲ)ဖြင့် ဝင်ရောက်လာပြီး တိုင်းဒေသကြီး ကျန်းမာရေးဉီးစီးရုံး ဆင်ဝင်အောက်တွင် လက်ပစ်ဗုံး ၁လုံး၊ ဆင်အောက်၏ အနောက်ဘက် ကပ်လျက်ရှိ ဝင်စာ/ ထွက်စာ ခန်းအတွင်း သို့ လက် ပစ်ဗုံး ၁ လုံးတို့ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပစ်ခတ်ဖောက်ခွဲမှု့ကြောင့် ကျန်းမာရေးဝန်ထမ်းများဖြစ်သောဒေါ်စိမ်းလဲ့လဲ့၊ ၅၄ နှစ်၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ ဝန်ထမ်းအိမ်ရာ၊ ၃၅×၆၆ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်နေသူတွင် ဉီးခေါင်း ဗုံးစ ထိမှန်ဒဏ်ရာ ( စိုးရိမ်ရ)၊ဒေါ်အေးအေးနွဲ့၊ ၆၃ နှစ်၊ ရုပ်သံကျွမ်းကျင် (၄)၊ ၆၂ လမ်း၊ ၃၂×၃၅ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်နေသူတွင် ဝဲ/ယာပေါင်၊ခြေသလုံး ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ဒေါ်ယုဆွေဝင်း၊ ၂၁ နှစ်၊ နေ့စားဝန်ထမ်း၊ အမရပူရမြို့နယ်နေသူတွင် ဝဲ/ယာခြေထောက်နှင့်ခြေဖဝါး ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ဒေါ်ဝင်းခိုင် ၊ ၄၉ နှစ်၊ ရုံးအကူဝန်ထမ်းတွင် ဝဲပေါင်နှင့် ဒူး ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ဒေါ်စိန်ထွေး၊ ၅၉ နှစ်၊ ရုံးအကူတွင်ဝဲခြေဖဝါး ဗုံးစထိမှန် ဒဏ်ရာ တို့ရရှိခဲ့ကြကြောင်း သိရသည်။
ဗုံးဖြင့် လာရောက်ပစ်ခတ်သူများမှာ လမ်း ၇၀ အတိုင်းတောင်ဘက်သို့မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်းသိရပြီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအား တိုင်းကျန်းမာရေးရုံးမော်တော်ယဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင် ကုသမှုပေးထားကြောင်း သိရသည်။