“ဂရိနိုင်ငံတွင် တောမီးများလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိ မြင့်တက်လာ”

သြဂုတ် ၂၆

ဂရိနိုင်ငံတစ်ဝှမ်း တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူဦးရေမှာ သောကြာနေ့အထိ ၂၁ ဦးအထိ မြင့်တက်လာခဲ့ရပြီး ဂရိ နိုင်ငံ၏ မီးသတ်သမားများသည်လည်း မီးလောင်ကျွမ်းမှုအများအပြားကို ထိန်းချုပ်နိုင်ရန် ရုန်းကန် နေကြရတာ ဖြစ်ပါတယ်။

ဥရောပတိုက်တွင် အကြီးမားဆုံး တောမီးလောင်မှု တစ်ခုအဖြစ် သတ်မှတ်ခံ ထားရသော အဆိုပါ တောမီးလောင် ကျွမ်းမှုသည် ဂရိနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တောမီးများ အကြီးအကျယ်လောင်ကျွမ်းနေပြီး ငြှိမ်းသတ်မှုများပြုလုပ်နေကြရသည့် အာဏာပိုင်များက နောက်ထပ် ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း မီးသတ်ဌာနက ပြီးခဲ့သည့် သောကြာနေ့က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဂရိနိုင်ငံ မြောက်ပိုင်း Evros ဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ ၂၁ရက် တနင်္လာနေ့က မီးလောင်ကျွမ်းမှုရဲ့ ပထမဆုံး သေဆုံးခဲ့ရသူ အမျိုးသားတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဂရိ မီးသတ်တပ်ဖွဲ့က သောကြာနေ့က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဂရိနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းနေထိုင်သူများလို့ ယူဆရသည့် အခြား ၁၉ ဦး၏ ရုပ်အလောင်းများတွင် ကလေးနှစ်ဦးကို ယခုသီတင်းပတ်အစောပိုင်းက ယင်းဒေသတွင် တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။

Evros ဒေသသည် အိမ်နီးချင်းတူရကီမှ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပုံမှန်ဝင်ရောက်ရာနေရာဖြစ်ပြီး တောမီးကြောင့် နောက်ထပ် ခိုလှုံခွင့်တောင်းသူများ ပိတ်မိနေနိုင်ကြောင်း ဒေသတွင်း နယ်ခြားစောင့်တပ်များက သတိပေးပြောကြားထားပါတယ်။

“ဂရိနိုင်ငံသည် မိုးလေဝသဆိုင်ရာ အချက်အလက်စုဆောင်းမှု စတင်ချိန်မှစ၍ ရာသီဥတုအခြေအနေအရ အခက်ခဲဆုံးနှစ်ကို ကြုံတွေ့နေရတယ်” လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ Pavlos Marinakis က ပုံမှန်ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်တွင် မီးသတ်တပ်ဖွဲ့သည် မီးလောင်မှု အသစ် ၅၁၆ ခုကို ကိုင်တွယ်ဖြေရှင်းခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောထားပါတယ်။