အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စုမဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ် ရေးပေါင်းစည်းအင်အားမှာ ကြီးမားကြောင်း နစက ဥက္ကဋ္ဌပြော

ဩဂုတ် ၁၆

        မြန်မာနိုင်ငံရှိ နေရာဒေသအများစုအား အဘက်ဘက်မှတည်ငြိမ်မှုရှိရန် ဆောင်ရွက်ထားနိုင်ပြီဖြစ်ကြောင်း နစက ဥက္ကဋ္ဌမှ သြဂုတ် ၁၅ ရက်က ရုရှားနိုင်ငံ၊မော်စကိုမြို့ရှိ ရုရှားတပ်မတော်မျိုးချစ်ပန်းခြံတွင်ပြုလုပ်ခဲ့သည့် (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)သို့ Video Message ပေးပို့၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။

      လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊စီးပွားရေး၊လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

       ထို့ပြင် မိမိတို့အနေဖြင့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကျင်းပကာ အနိုင်ရရှိသော နိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရန် နိုင်ငံတစ်ဝန်းလုံခြုံမှုရှိစေရေး၊တည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့်နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။

       ထို့အတူ အာဆီယံအဖွဲ့သည် စစ်ရေးမဟာ မိတ်အုပ်စုမဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားလှပြီး စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊မြန်မာနှင့်စွမ်းပကားထက်မြက်သော လက်နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက်အသင့်အတင့်အားထားနိုင်သော အခြေအနေတွင်ရှိသည်ဟု ဆိုသည်။

        အာဆီယံအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသအတွင်း ပြင်ပအင်အားကြီးနိုင်ငံများနှင့်ထိတွေ့ဆက်ဆံရာတွင် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၊အာဆီယံအပေါင်းသုံးအစရှိသည့် အာဆီယံနှင့်ပြင်ပမိတ်ဖက်နိုင်ငံများကြား ဆွေးနွေးပွဲယန္တရားများတွင် အာဆီယံသည် အဓိကအချက်အချာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု ဆိုသည်။

       ထို့ပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအပေါ်  ဩဇာသက်ရောက်လျက်ရှိပြီး ငြိမ်းချမ်းသောဆက်ဆံရေးလမ်းကြောင်းများကို အားပေးမြှင့်တင်ကာ အကျိုးတူကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားကောင်းစေလျက်ရှိသည်ဟု ဆိုသည်။

        ထို့ကြောင့် အာဆီယံ၏စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့်သာယာဝပြောရေးတို့ကို ဖော်ဆောင်ရာတွင် မရှိမဖြစ်အထူးအရေးပါနေသည်ကို တွေ့ရှိရမည်ဟု ဆိုသည်။

      ထိုသို့ အာဆီယံ၏ စည်းလုံးညီညွတ်မှုခိုင်မြဲနေသမျှ အာဆီယံသည် အာရှ-ပစိဖိတ်ဒေသအတွက် အရေးပါသည့် အင်အားအဖြစ်ရှိနေမည်ဖြစ်ကာ အာဆီယံအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများကြား စည်းလုံးညီညွတ်မှုကိုအားကြိုးမာန် တက်ဖော်ဆောင်နေချိန်၌ တစ်ဖက်တွင်လည်း အဆိုပါစည်း လုံးညီညွတ်မှုကို စိန်ခေါ်နေသောခြိမ်းခြောက်မှုများလည်းရှိနေသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

#PAN