ဖားကန့်မြို့နယ်၊မနကျေးရွာ (ခ)ဥရုဆိုင်းမှော် လပ်ကီးဝမ်းကုမ္ပဏီလုပ်ကွက်ဟောင်း၊ ကျောက်စိမ်းတောင်ကုမ္ပဏီ စွန်ပြစ်မြေဇာပုံပြိုကျရာ ရေမဆေးကျောက်ရှာဖွေသူ ၃၄ ဦးခန့်ပျောက် ဆုံးနေ

ဩဂုတ် ၁၅

       ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြ သာယာကျေးရွာအုပ်စု၊ မနကျေးရွာ (ခ)ဥရုဆိုင်းမှော် လပ်ကီးဝမ်းကုမ္ပဏီလုပ်ကွက်ဟောင်း၊ ကျောက်စိမ်းတောင်ကုမ္ပဏီ စွန်ပြစ်မြေဇာပုံတွင်  ဒေသအခေါ် စက်မျောတိုက်နေချိန် သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မြေဇာပြိုကျရာ ရေမဆေးကျောက်ရှာဖွေသူ ၃၄ ဦးခန့်ပျောက် ဆုံးနေပြီး လူ ၉ ဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံတွင်ကုသမှုခံယူနေကြောင်း သိရပါသည်။

       ” အဲဒီနေ့ မြေစာပြိုကျတော့ ရေမဆေးကျောက်ရှာတဲ့ ကျောက်သမားတွေ တော်တော်များတယ်၊ ၃၄ ဦးခန့်လို့ပြောကြပေမဲ့ ၊ ဒါ့ထက်များမယ်လို့ ထင်တယ်” ဟု အဆိုပါလုပ်ကွက်ခပ်လှမ်းလှမ်းမှ မျက်မြင်တွေ့ရသူ တစ်ဦးက PAN ကို ပြောပြလာပါသည်။

        အဆိုပါ မြေပြိုမှုဖြစ်ပွားရာနေရာတွင် ပျောက်ဆုံးနေသူများကို ဖားကန့်မြို့နယ် နာရေးကူညီမှု အသင်းများမှ ရှာဖွေ ကယ်ဆယ်ရေးများဆောင်ရွက်လျှက်ရှိကြောင်း၊ ယနေ့ မွန်းလွဲ ၃ နာရီအချိန်အထိ လူ ၂၀ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားကြောင်း၊ဆက်လက်ရှာဖွေမှုများကိုဆောင်ရွက်ရန်ရှိကြောင်း သတင်းရရှိပါသည်။

#PAN