ဩဂုတ် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအားယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားခဲ့ကြောင်း သိရပါသည်။
ထို့သို့တွေ့ဆုံစဉ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားအပြည့်အစုံမှာ နိုင်ငံတော်၏အခြေအနေအရ သက်တမ်းထပ်မံတိုးမြှင့် သည့်ကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည်များ ကိုမှာကြားလိုခြင်းကြောင့် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အသစ်ထပ်မံ ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာအစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင် သည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့်တာဝန်ရှိကြောင်း။
မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည် သာယာဝပြောရေး၊ စာရေးရိက္ခာဖူလုံရေးတို့ပင်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေး၌ ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက် နိုင်ရမည်၊ ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ လူတိုင်းသည် အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်လိုကြပြီး မိမိတို့ဘဝတိုးတက်ရေးအတွက် ရည် မှန်းချက်၊ မျှော်မှန်းချက်များ ကိုယ်စီရှိကြကာ အေးချမ်းလုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုကြကြောင်း၊ ထို့ကြောင့်တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ စားရေ ရိက္ခာသည် လူတိုင်းအတွက်လိုအပ်ပြီး လက်ရှိကမ္ဘာပေါ်တွင်လည်း စားနပ်ရိက္ခာ လုံခြုံရေး(Food Security)မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း စားနပ်ရိက္ခာလုံခြုံရေးအတွက် စားရေ ရိက္ခာပေါများရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။
အလားတူ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆက်သွယ်မှုကွန်ရက်များလည်း ကောင်းမွန်ရန်လိုအပ်သဖြင့် တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်သည့် ဆက်သွယ်မှုကွန်ရက် များကို တည်ဆောက်ရန်လိုကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ကောင်းမွန်နေရေးအလေးပေးဆောင်ရွက်ပေးရန်လိုကြောင်း။
တိုင်းပြည်တစ်ခုတိုးတက်ခြင်း၏ အခြေခံမှာ ပညာတတ်များပေါကြွယ်ဝခြင်း ပင်ဖြစ် ကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ် ကောင်းများ မဖြစ်မနေလိုအပ်သည့်အတွက် နိုင်ငံသားတိုင်း ပညာရည် မြင့်မားရေးကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကောင်းမွန် နေရန်လည်း လိုကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည်နည်းပါးလျက်ရှိသဖြင့် ပြည်သူ ပြည်သားတိုင်း ကျန်းမာ ရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး အတွက် ညီညွတ်မျှတသည့် နေထိုင်စားသောက်မှု ရှိရန်လိုသကဲ့သို့ ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများကိုလည်း ပြည့်ပြည့်ဝဝဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း။
နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေသေးပြီး ယခုအချိန်အထိ နိုင်ငံ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည်ကိုတွေ့ရှိရ ကြောင်း၊ လွန်ခဲ့သည့်ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကြီးများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ အဆိုပါလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မိမိတို့အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ် အနေဖြင့်ရှိသဖြင့် လတ်တလောဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် လေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေရိက္ခာဖူလုံမှုရှိစေရေး၊ လမ်းပန်းဆက်သွယ်မှု များကောင်းမွန်စေရေး၊ ပညာရည်မြင့်မားစေရေး၊ သက်ရှည်ကျန်းမာမှုရှိစေရေးနှင့် လျှပ်စစ် ဓာတ်အားလုံလောက်စွာရရှိစေရေးတို့ကို မိမိတို့အစိုးရအနေဖြင့် အဓိကဦးစား ပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်သည်ကို ဦးစွာပြောကြားလို ကြောင်း။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အသစ်ထပ်မံချမှတ်ထား သည့် ဦးတည်ချက် ၉ ရပ်ကို ရှင်းလင်းပြောကြားလိုကြောင်း၊ နိုင်ငံရေးရည်မှန်းချက် ပထမအချက်ကို “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး နှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဟုချမှတ်ထားကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ သို့သော် ပါတီစုံဒီမိုကရေစီစနစ် သည် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ရန်လိုကြောင်း၊ အဆိုပါစနစ်ကို ကျင့်သုံးရာတွင် အစိုးရတစ်ရပ်(သို့မဟုတ်) နိုင်ငံကိုဦးဆောင်သည့် သမ္မတ၊ ဝန်ကြီးချုပ်တို့က ဦးဆောင်အကောင်အထည်ဖော် ရခြင်းပင်ဖြစ်ကြောင်း၊ “စစ်မှန်စည်းကမ်းပြည့်ဝသည့်” ဟူသည့်စကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းထားရခြင်းမှာ ဒီမိုကရေစီစနစ်ကို စည်းကမ်းပြည့်ဝစွာဖြင့် အသုံးပြုနိုင်ရန် ဖြစ်ကြောင်း၊ ယခင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို စည်းကမ်းမဲ့ စွာဖြင့်ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံအတွက် အမည်းစက်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီး မိမိတို့အတွက် သင်ခန်းစာတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စစ်မှန်စည်း ကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နှင့် ပတ် သက်၍ မိမိအနေဖြင့် မကြာခဏ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ဖက်ဒရယ်လုပ်ပိုင် ခွင့်များကို ပေါင်းစပ်ထားသည့် ပြည်ထောင်စုပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် တိုင်းရင်းသားများအားလုံး စုစည်းနေထိုင်ကြကြောင်း၊ ထို့ကြောင့် ဒေသအလိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြခြင်းဖြစ်သဖြင့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍မရဘဲ ဒေသကို အခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖက်ဒရယ်အခွင့်အရေးနှင့် ပတ်သက်၍ ပေးထားပြီးဖြစ်သည်ကို လေ့လာကြည့်ပါက သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး ပြည်သူ့ဆန္ဒနှင့်အညီ ပြဋ္ဌာန်းထားသည့်ဥပဒေဖြစ်သဖြင့် ပြည်သူအများဆန္ဒနှင့် ကိုက်ညီမည်ဆိုပါက ပြုပြင် သင့်သည့်အချက်များ ကိုပြုပြင်ရန်အတွက် တပ်မတော်အနေဖြင့် သဘောတူညီထားပြီ ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွက်အရေးကြီးသည့် တို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်လိုပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ညီညွတ် မျှတစွာဖြင့် ဆောင်ရွက်နိုင်ရန် လိုကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင် ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ လက်ရှိနိုင်ငံ၏ပကတိ အခြေအနေများနှင့်ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လိုကြောင်း၊ အခြေခံကောင်း အောင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည်သာ ခိုင်မာမှုရှိသဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကောင်းအောင် ဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ် သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့် ဖြစ်နိုင်သည်များကို ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ NCA မှာပြည့်စုံမှုမရှိသေးသော်လည်း တိုင်းရင်းသားများ၏ တောင်းဆို ချက်များကို သဘောတူညီချက်စာချုပ်အဖြစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကတိ ကဝတ်ပေး ထားသည့် အကြောင်းအရာများဖြစ်ကြောင်း၊ အဆိုပါစာချုပ်ကို နိုင်ငံတကာမှ အသိသက်သေများ မျက်မှောက်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်သဖြင့် မျက်ကွယ် ပြု၍ ဆောင်ရွက်ခြင်းမပြုရန်လိုကြောင်း၊ မိမိတို့အနေဖြင့် NCA အပေါ်တွင် အလေး ထား၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ NCA သဘောတူညီ ချက်အတိုင်း အလေးထားလုပ်ဆောင်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးဦးတည်ချက် ဒုတိယအချက်ကို “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဟုချမှတ်ထားခြင်းဖြစ်ကြောင်း။
နိုင်ငံရေးဦးတည်ချက် တတိယအချက်အနေဖြင့် “ ပြည်သူလူထု၏ လူမှုစီးပွား ဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး ” ဟူ၍ချမှတ်ထား ကြောင်း၊ တရားဥပဒေစိုးမိုးရေးဆိုရာတွင် အဆင့်အဆင့်သော အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ အစည်းများ၊ အုပ်ချုပ်ရေးကိုထိန်းသိမ်းပေးသည့် တရားရေးမဏ္ဍိုင် တို့ပါဝင်ကြောင်း၊ ဥပဒေဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဥပဒေဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ကြရကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင် ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်တို့သည် အဓိကအရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိက ဆောင်ရွက်နေရသူများသည် စွမ်းရည်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင် ဆောင်ရွက်သွားရန်လိုကြောင်း။
စီးပွားရေးဦးတည်ချက် ပထမအချက်ကို “ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည် ဆောက်ရေး ” ဟူ၍ ချမှတ်ထားကြောင်း၊ အဓိကလိုအပ်သည်မှာ စားရေရိက္ခာဖူလုံရေးပင်ဖြစ်ကြောင်း၊ ပြည်သူအားလုံးအတွက် အကျုံးဝင်သည့်လုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းပင် ဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး အများစုမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်ကြကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်ရန် လိုပြီး စိုက်ပျိုးမြေအားလုံးကိုလည်း အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရန်လို ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် မြေသယံဇာတများနှင့် စိုက်ပျိုးရေ ရရှိရေးအတွက်လည်း မြစ်ချောင်း အင်းအိုင်များ စွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည့်အတွက် စိုက်ပျိုးမြေများတွင် တစ်သီးစားကိုသာ စိုက်ပျိုးနိုင်ရုံဖြင့် ကျေနပ်နေ၍မရဘဲ သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက် ရန်လိုကြောင်း၊ အစိုးရအနေဖြင့်လည်း စိုက်ပျိုးမြေများကို အပြည့်အဝ ထိထိရောက် ရောက် အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို အခြား နည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏ စိုက်ပျိုးရေး လုပ်ငန်းများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြေအသုံးချမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း။
မွေးမြူရေးနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံ၏ နေ့စဉ် သားငါးနှင့် ဥအမျိုးမျိုး စားသုံးမှု လိုအပ်ချက်ကို ဖူလုံပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက် ၍ ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်နိုင်ရေးနှင့် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် မဖြစ်မနေ အောင် မြင်အောင် အကောင်အထည်ဖော်ဆောင်ရ မည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ရေထွက်ကုန်များကို ထုတ်လုပ်ရာတွင် မွေးမြူထုတ် လုပ်ခြင်းထက် သဘာဝရေပြင်များမှ ဖမ်းဆီးထုတ်လုပ်မှု ပမာဏ ပိုမိုများပြားနေသည် ကိုတွေ့ရှိရသဖြင့် မွေးမြူထုတ်လုပ်ခြင်းကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြရန်လို ကြောင်း၊ ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်ခြင်းမှတဆင့် အခြားကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
စီးပွားရေး ဦးတည်ချက် ဒုတိယအချက်ကို “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ” ဟူ၍ ချမှတ်ထားကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်း များကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ လိုအပ်သည့် အခြေခံစားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ အလုံအလောက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့်အထည်အလိပ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ရာဘာအခြေခံသည့် ထုတ်ကုန်ပစ္စည်းလိုအပ်ချက်များကို နှစ်စဉ် ပြည်ပမှတင်သွင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ နွားမွေးမြူရေးလုပ်ငန်းများ၊ ဝါနှင့် ရာဘာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ပြည်ပသို့ကုန်ကြမ်းတင်ပို့ခြင်းထက် ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်မည်ဆိုပါက သွင်းကုန်ပမာဏကို လျှော့ချနိုင်မည်ဖြစ်ကဲ့သို့ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်များကိုလျှော့ချနိုင် မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေး နိုင်မည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း များစွာကိုလည်း ဖော်ဆောင်ပေးနိုင် မည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် အောင်မြင်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
စီးပွားရေး ဦးတည်ချက် တတိယအချက်ကို “ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေး မြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက် ၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင် သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး ” ဟုချမှတ်ထားကြောင်း၊ ထို့ကြောင့် ဆီထွက် သီးနှံစိုက်ပျိုးမှုများကိုအားပေးပြီး ပြည်တွင်းစားသုံးဆီဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင် သည်အထိ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ များဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကိုပင် ပန်းတိုင်ထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ပါက စားသုံးဆီဖူလုံ၊ ပိုလျှံမှုရှိနိုင်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်၌ ပြည်တွင်းစားသုံးဆီ ဖူလုံသည့်အပြင် ပြင်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို လျာထားဧကပြည့်မီအောင် ဆောင်ရွက်နိုင်ရေးနှင့် အထွက်နှုန်းပြည့်မီရေး ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။
လူမှုရေးဦးတည်ချက် ပထမအချက်အနေဖြင့် “တစ်နိုင်ငံလုံးအသိပညာ၊ အတတ် ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟူ၍ ချမှတ်ထားကြောင်း၊ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရန် ပညာတတ်များပေါကြွယ်ဝရန်လိုကြောင်း၊ ထို့ကြောင့် လူသားအရင်း အမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ် ပေးနိုင်ရန် အခြေခံပညာ အထက်တန်းကျောင်းများ၌ ဝိဇ္ဇာ/ သိပ္ပံဘာသာရပ်များအပြင် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုပညာရပ်များကို တွဲဖက်သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံ ပညာ၊ ဒီပလိုမာသင်တန်းများမှတစ်ဆင့် အဆင့်မြင့် ပညာရပ်များသို့ အဆင့်ဆင့် တက် ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့် ဘက်စုံပညာ ရေးစနစ်ကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။
လူမှုရေးဦးတည်ချက် ဒုတိယအချက်အနေဖြင့် “ တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်း မာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ” ဟူ၍ ချမှတ်ထားပါကြောင်း၊ လူတိုင်းသည် အသက်ရှည်ပြီး ကျန်းမာလိုသည့် ဆန္ဒရှိကြပါကြောင်း၊ ကျန်းမာမှ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း ကိစ္စရပ်များအပြင် လူမှုရေး ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူတိုင်းကျန်းမာစွာအသက်ရှင်နေထိုင်နိုင် ရေးအတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် ကလေးသူငယ်မှအစ သက်ကြီးရွယ်အိုများအထိ ကျန်းမာရေးကောင်းမွန်အောင် လုပ် ဆောင်ပေးရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများ ဆောင်ရွက် နိုင်ရန် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ အားကစားသည် တိုင်းပြည်၏ စွမ်းပကားဖြစ် သည့်အပြင် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် အဆင့်မီအားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ပေးခဲ့ပါကြောင်း၊ ဘဏ္ဍာငွေအပေါ်မူတည်၍ ခရိုင်အဆင့်မှ အဓိကကျသည့်မြို့နယ်အဆင့်အထိ တစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်ပေးသွားရန် လျာထားပါကြောင်း၊ မြန်မာ့အားကစား ကဏ္ဍ တွင် ဘက်ပေါင်းစုံလိုအပ်ချက်ရှိနေသဖြင့် အားကစားအဆင့်အတန်း မြင့်မားရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များကို ပြင်ဆင်ဖြည့်ဆည်းသွား ရန်လည်းလိုကြောင်း၊ မိမိအနေဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် အားကစားကွင်း၊ အားကစားရုံများနှင့် နည်းပြများကို ဦးစွာဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း။
လူမှုရေးဦးတည်ချက် တတိယအချက်အနေ ဖြင့် “ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလ ငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ရေး” ဟူ၍ ချမှတ်ထားကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ရန် အတွက် ကာယဗလ၊ ဉာဏ ဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိ ဉာဏ် ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုး ထောင်ပေးရန် လိုကြောင်း၊
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပညာတတ်သူ နည်းပါးပြီး ပညာရေးကဏ္ဍ နိမ့်ကျခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်း မည်ဆိုပါက နိုင်ငံသားတိုင်းအသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံရန်လိုအပ် ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူငယ်များကိုအခြေခံသည့် အနာဂတ်ကို ဖန်တီး ပေးရန်နှင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် မိမိတို့ရည်မှန်း ထားသည့် အနိမ့်အဆုံးအဆင့် KG + 9 အဆင့် ပြီးမြောက်အောင်မြင်အောင် ဆောင် ရွက်ပေးရန်လိုကြောင်း၊ ထို့ပြင် ပညာရေးဝန်ထမ်း လိုအပ်ချက်ပြည့်မီရေး၊ ထိုက်သင့် သည့် ရာထူးနေရာများရရှိရေးနှင့်လုပ်ငန်းခွင်ပျော်ရွှင်ရေးအတွက်လည်း ဖန်တီးပေးရန် လိုကြောင်း၊ သို့မှသာပညာရေးကဏ္ဍ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ တာဝန်ရှိ သူများအနေဖြင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ သမာသမတ်ရှိရှိ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များမွေးထုတ် ရာတွင် ဆရာ၊ ဆရာမများသည် အဓိကတာဝန်ရှိကြောင်း၊ ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှု ကောင်းမွန်မှသာ အနာဂတ်တွင် နိုင်ငံတော်မှအားကိုးအားထားရသည့် အရည်အချင်းပြည့်ဝသော လူငယ်များကိုမွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ များပြားပါကြောင်း၊ လက်ရှိအခမ်း အနားသို့ တက်ရောက် လာကြသည့် ပြည်ထောင် စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ ဦးဆောင်ကွပ်ကဲရသည့်ဌာနများအလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ထိန်းကြောင်းဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိကိုယ်တိုင်အရည်အချင်းရှိပြီး စည်းကမ်းကောင်း မွန်ရန်လိုသကဲ့သို့ မိမိ ကွပ်ကဲရသည့် အဖွဲ့အစည်းကိုလည်း စည်းကမ်းစနစ်တကျရှိစေရေး ကွပ်ကဲနိုင်မှု အပြည့်အဝရှိရန်လိုကြောင်း၊ အစိုးရဌာနများသည် ပြည်သူကို အလုပ်အကျွေးပြုရသည့် ဌာနများဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့်လည်း ကောင်းမွန်သည့်စီမံခန့်ခွဲမှုရှိသည့်၊ လုပ်ငန်းတာဝန်ကျေပွန်သည့်၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်းများ ဖြစ်ရန်လိုကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင် အခက်အခဲ၊ အကြပ်အတည်းများစွာကို စုစည်းညီညွတ်သည့်အားဖြင့် ကျော်လွှားနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပေါ် စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့မှုများ ရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင် မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မည်သည့်အခက်အခဲ၊ အကြပ်အတည်းကိုမဆို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထက်တွင် ပြောကြားခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်အတွက် ဆိုသည်ထက် နိုင်ငံ၏အကျိုးစီးပွားအတွက်သာ မိမိတို့၏ တာဝန်များကို ကျေပွန်စွာဖြင့် အလုပ်လုပ်ကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အဆိာပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲ များတက်ရောက်ကြကြောင်း သတင်းရရှိသည်။
#PAN