“လာမည့်ဇူလိုင်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်မှုများတွင် ပျက်ကွက်မှုများထပ်မံ ဖြစ်ပေါ်ခဲ့ပါက ၂၀၂၄ ထိုင်းဘဏ္ဍာနှစ် အတွက် နိုင်ငံတော် ဘတ်ဂျက် ရေးဆွဲရေး ဆိုင်ရာများတွင် နှောင့်နှေးမှု များရှိလာနိုင်”

ဇူလိုင် ၂၄

ထိုင်းနိုင်ငံအတွင်း လာမည့်ဇူလိုင် ၂၇ ရက်နေ့တွင်ပြုလုပ်ကျင်းပမည့် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ခန့်အပ်ရွေးချယ်ရေးဆိုင်ရာကိစ္စရပ်များ ဆက်လက် ပျက်ကွက်မှုများ ဖြစ်ပေါ်လာပါက ၂၀၂၄ ထိုင်းဘဏ္ဍာနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်ရေးဆွဲရေး နှောင့်နှေးမှုကို ရှောင်ရှားရန် ခက်ခဲသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအတွင်းရှိ သတင်းဌာနများက ယနေ့ ဇူလိုင် ၂၄ရက်နေ့တွင် ဖော်ပြပြောဆိုထားကြပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ နှင့် ဇူလိုင် ၁၉ ရက်နေ့ တို့တွင် ထိုင်း ပါလီမန်အမတ်အများစုက Move Forward ပါတီ၏ ခေါင်းဆောင် Pita Limjaroenrat ကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရာထူးအတွက် မဲမပေးကြရန် ဆုံးဖြတ်ခဲ့ကြပြီး ဝန်ကြီးချုပ်မရှိလျှင် ပါတီများသည် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် နောက်တဆင့်သို့ မတက်လှမ်းနိုင်ဘဲ အစိုးရသစ် ထူထောင်ရေး လုပ်ငန်းစဉ်များ နှေးကွေးမှု များရှိနေပါက နိုင်ငံ၏ စီးပွားရေး မြှင့်တင်ရန် နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကဏ္ဍများတွင် ဘတ်ဂျက်ခွဲဝေရန် အစီအစဉ် များကိုပါ ထိခိုက်သွား မှာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ဘတ်ဂျက်ပြဿနာများအပေါ် သဘောထားကွဲလွဲမှုများရှိနေ ကြပြီး ထိုင်းနိုင်ငံရေး သုံးသပ်များက ထိုင်း နိုင်ငံရေးကဏ္ဍသစ်တစ်ခုကို စတင်ရန် ရှည်လျားသည့်လုပ်ငန်းစဉ်များကြားတွင် ရင်းနှီးမြှုပ်နှံမှုများအပေါ် တွင် အပျက်သဘော ဆောင်သည့် အကျိုးသက်ရောက်မှုများဖြစ်ပေါ်လာမည် နှင့်ပတ်သက်၍ ပိုမိုစိုးရိမ်နေကြကြောင်းလည်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။