ဇေယျာသီရိမြို့နယ်တွင် အမျိုးသားတစ်ဦးက အိမ်နီးချင်းအမျိုးသားတစ်ဦးကို ရန်ငြိုးရန်စမရှိဘဲ ဓားဖြင့်ဝင်ခုတ်ရာ၊ ဓားလုယူပြီး ပြန်ခုတ်သဖြင့် ဓားဖြင့်လာရောက်ခုတ်သူသေဆုံး

ဇူလိုင် ၂၃

     ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်တွင်နေပြည် တော်၊ ဇေယျာသီရိမြို့နယ်၊ကျွန်းရောင်းကျေးဇူးအုပ်စု၊ ရွှေပေးကျေးရွာနေသူ ဒေါ်ခင်နှင်းအေး၊၄၁ နှစ်၊(ဘ) ဦးကျော်ရှိန်၊ မပတရှိ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း သည် နေအိမ်တွင် သမီး မချိုချိုသင်း၊ ၁၃ နှစ်၊ မမွှေးမွှေး၊ ၁၀ နှစ်၊ သားဖြစ်သူ မောင်မင်းခန့်ကိုကို၊ ၅ နှစ်တို့နှင့် အတူအိပ်နေကြစဉ် ခင်ပွန်းဖြစ်သူ ဦးဝင်းကို၊ ၄၃ နှစ်၊ (ဘ)ဦးမျိုးမြင့်၊ မပတ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းသည် ဓါးရှည် ၁ဘချောင်း ကိုင်ဆောင်ကာ အိမ်ဝိုင်းအပြင်သို့ ထွက်သွားသဖြင့် ဒေါ်ခင်နှင်းအေးမှ နေအိမ်သို့ ပြန်ခေါ်ခဲ့ပြီး အိပ်ခိုင်းရာ ဦးဝင်းကိုမှ မအိပ်ဘဲထိုင်နေစဥ် ဒေါ်ခင်နှင်းအေးမှာ အိပ်ပျော်သွားခဲ့ကြောင်း၊ ယနေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ဒေါ်ခင်နှင်းအေးသည် အိပ်ပျော်နေစဉ် တစ်ရွာတည်းနေသူ ကိုဝင်းမင်းက ၎င်းတို့နေအိမ်သို့ ရောက်လာပြီး ဒေါ်ခင်နှင်းအေးအားနိုး၍ ဦးဝင်းကို မှာ ခင်မောင်လွင်နေအိမ် ဝိုင်းအတွင်း ခေါင်း ရင်းတွင် ခင်မောင်လွင် က ဓါးနှင့်ခုတ်၍ သေဆုံးနေကြောင်း၊ လာကြည့်ရန်ခေါ်သဖြင့် ဒေါ်ခင်နှင်းအေးလည်း အိမ်နီးချင်းဖြစ်သော ခဲအိုတော်သူ ဦးဝင်းစိုး၊ မောင်တော်သူ ကိုအောင်ဇော်ထိုက်၊ ကိုကျော်မင်းကို တို့အားခေါ်ဆောင်ပြီး သွားကြည့်ရာ ဦးဝင်းကိုသည် ဂုတ်ပိုးအထက် ဓါးနှင့်ခုတ် ထားသော ဒဏ်ရာဖြင့် ဦးခေါင်းတောင်ဘက်သို့ လှည့်၍ ဘေးတစ်စောင်းအနေအထားဖြင့်မြေကြီးပေါ်တွင် ဒဏ်ရာမှ သွေးများထွက်၍ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

      ဖြစ်စဉ်မှာ ကိုခင်မောင်လွင်သည် နေအိမ်အောက်တွင် အိပ်နေစဉ် သေဆုံးသူ ဦးဝင်းကို မှာ
ခင်မောင်လွင်၏ ခြံဝိုင်းအတွင်းဝင်သွားပြီး ရန်ငြိုးရန်စမရှိဘဲ ဦးဝင်းကိုမှ ၎င်းအသင့်ယူသွားသော ဓါးရှည်ဖြင့်ခုတ်ရာ ကိုခင်မောင်လွင်၏ ယာဘက်ပါးပြတ်ရှ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွား၍ ဦးဝင်းကို၏ဓါးအား ခင်မောင်လွင်မှ ပြန်လည်လုယူ၍ ၎င်းဓါးဖြင့် ဦးဝင်းကို၏ ဂုတ်ပိုးအထက်အား ပြန်လည်ခုတ်သဖြင့် ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရပါသည်။

     ဒေါ်ခင်နှင်းအေး၏ ခင်ပွန်း ဦးဝင်းကိုအား အသက်သေဆုံးသည်အထိ ဂုတ်ပိုးအထက်အား ဓါးဖြင့် ခုတ်သူ ခင်မောင်လွင်၊ ၄၄ နှစ်၊ (ဘ) ဦးအောင်ဆန်း၊ ၉/ ဇယသ(နိုင်)၀၂၉၇၃၇၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ ရွှေပေးကျေးရွာ၊ ကျွန်းရောင်းအုပ်စု၊ ဇေယျာသီရိမြို့နယ်နေသူအား ဥပဒေအရ အရေးယူပေးရန် ယနေ့ နံနက် ၆ နာရီခွဲအချိန် ဒေါ်ခင်နှင်းအေးမှ ဇေယျာသီရိမြို့နယ်ရဲစခန်းသို့ လာရောက်၍ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ၊ (ပ) ၆၇/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ အမှုကြီးအမှတ်စဉ် ၂/၂၀၂၃ ဖြင့် အမှုရေးဖွင့်ထားခဲ့ကြောင်း၊ တရားခံခင်မောင်လွင် ကို နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN