ယခုဘဏ္ဍာနှစ် ပထမနှစ်လကျော်အတွင်း စက်မှုကုန်ချောတင်ပို့မှုမှာ ချုပ်ပြီးအထည်တင်ပို့မှုက ပထမနေရာတွင် ရှိနေ

ဇူလိုင် ၁၉

      ယခုဘဏ္ဍာနှစ်ရဲ့ ပထမနှစ်လကျော်အတွင်း ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်ကနေ ဇွန်လ ၆ ရက်အထိ) ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း  ၁,၇၀၀  ကျော်ရရှိခဲ့ပြီး ချုပ်ပြီးအထည်တင်ပို့မှုဟာ ပထမ နေရာတွင် ရှိနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

      အဆိုပါ ချုပ်ပြီးအထည်တင်ပို့မှုရဲ့ နောက်မှာ သကြား၊   လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့ စတဲ့ပစ္စည်းများ တင်ပို့မှုတွေရဲ့ ပို့ကုန်ရငွေများ အသီးသီးရပ်တည်လျက်ရှိပါတယ်။

      ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇၆ ဒသမ  ၃၄၉  သန်း ရရှိပြီး ပုဂ္ဂလိကပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၀၆၄ ဒသမ ၃၃၁ သန်းရရှိတဲ့အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁,၇၄၀ ဒသမ ၆၈ သန်း ရရှိကြောင်း သိရပါတယ်။

      ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှာ နိုင်ငံပိုင်မှ အမေရိကန် ဒေါ်လာ ၇၆၄ ဒသမ ၂၅၆ သန်းရရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ  ၁,၃၈၉ ဒသမ ၅၃၄  သန်းရရှိတဲ့အတွက်   စုစုပေါင်း အမေရိကန်ဒေါ်လာ ၂,၁၅၃ ဒသမ ၇၉ သန်း ရရှိခဲ့ပါတယ်။

        ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တော ထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်များ တင်ပို့လျက်ရှိပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်း သုံးကုန်ကြမ်းပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းများကို တင်သွင်းကြောင်း သိရပါတယ်။

#PAN