နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်အုပ်စု PDF များနှင့် ဆက်သွယ်မှုရှိပြီး ထောက်ပို့လုပ်ဆောင်ပေးသူ ၃ ဦးကို တပ်မတော်စစ်ကြောင်းမှ ရဲစခန်းသို့ လာရောက်လွဲပြောင်းပေး

ဇူလိုင် ၁၇

       မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊မြို့မရဲစခန်းသို့ တပ်မတော်စစ်ကြောင်းမှ မောင်ဌေး၊၅၄နှစ်၊(ဘ)ဦးပန်၊စျေးရောင်း၊အမှတ်(၁) ရပ်ကွက်၊နွားထိုးကြီးမြို့နေသူကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်   လာရောက်လွှဲပြောင်းထားရှိသဖြင့် မြို့မရဲစခန်းမှ တာဝန်ရှိသူများက သက်သေများရှေ့မှောက်တွင် စစ်ဆေးဆောင် ရွက်ခဲ့ရာ မောင်ဌေးသည် နွားထိုးကြီးမြို့နယ်၊အကြမ်းဖက်အုပ်စု PDF များနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊ ၎င်းအဖွဲ့များအတွက် စားနပ် ရိက္ခာများအား နွားထိုးကြီး – တောင်သာသွား ကားလမ်းမပေါ်ရှိ ထန်းတောမကျေးရွာနှင့်ဂွေ့ကြီးကျေးရွာအကြားရှိ ဇရပ်သို့ ၎င်းကိုယ်တိုင် သွားရောက်ပို့ဆောင် ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

     အလားတူ တပ်မတော်စစ်ကြောင်းမှ လာရောက်လွှဲပြောင်းထားရှိသည့် ပြည့်ဖြိုးအောင်၊၂၇နှစ်၊(ဘ)ဦးကျော်သန်း၊ပန်းရံ၊မကျီးကန်ကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူအား သက်သေများရှေ့မှောက်တွင် စစ်ဆေးခဲ့ရာ ပြည့်ဖြိုးအောင်သည် နွားထိုးကြီးမြို့နယ်၊အကြမ်းဖက်အုပ်စု PDF အဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊နွားထိုးကြီးမြို့နယ်၊ဖလံကုန်းကျေးရွာ၏တောင်ဘက်၊တောင်သာမြို့နယ်အစပ်ရှိ တောင်ဖီလာသစ်တောကြိုးဝိုင်းတွင် PDF သင်တန်းအား ၁၀ ရက်ကြာ တက်ရောက်ခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့ပါသည်။

     အလားတူ တပ်မတော်စစ်ကြောင်းမှ လာရောက်လွှဲပြောင်းထားရှိသည့် ကျော်မင်း၊၄၈နှစ်၊(ဘ)ဦးမြင့်သန်း၊ထန်းဂွ(မြောက်)ကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူအား သက်သေများရှေ့မှောက်တွင် စစ်ဆေးခဲ့ရာ ၎င်းသည် နွားထိုးကြီးမြို့၊အမှတ်(၁)ရပ်ကွက်နေ မောင်ဌေးမှ ပို့ဆောင်ခိုင်းသဖြင့် နွားထိုးကြီး – တောင်သာသွားကားလမ်းမဘေး၊နွားထိုးကြီးမြို့နယ်၊ထန်းတောမကျေးရွာအနီးရှိ ဇရပ်တွင် အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက်အုပ်စု PDF များထံသို့ ဆန် ၆ ပြည်၊ကော်ဖီမစ်ထုပ်၊ခေါက်ဆွဲခြောက်၊ငရုပ်သီးကြော်၊ဆေးလိပ်၊ကွမ်းသီး၊ကွမ်းရွက်များ ပို့ဆောင်ပေးခဲ့ရကြောင်း၊၎င်းနောက် နွားထိုးကြီးမြို့၊အမှတ်(၂) ရပ်ကွက်နေ ထွန်းထွန်းဦးက ပို့ဆောင်ခိုင်းသဖြင့် ဆန် ၆ ပြည်၊ကွမ်းရွက်၊ဆေးလိပ်၊ငရုပ်သီးကြော်များ ပို့ဆောင်ပေးခဲ့ရကြောင်း၊၎င်းအပြင် နွားထိုးကြီးမြို့၊အမှတ်(၁)ရပ်ကွက်နေ ဒေါ်မော်စီမှ ပို့ခိုင်းသဖြင့် အချင်း ၆ လက်မခန့်၊အရှည် ၁ ပေခန့်ရှိ သံပိုက် စလင်ဒါအိုး ၅ ခုကို ပို့ဆောင်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

      စစ်ဆေးပေါ်ပေါက်ချက်များအရ နွားထိုးကြီးမြို့မရဲစခန်းမှ မောင်ဌေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)၊၅၀(ည)ဖြင့် လည်းကောင်း၊ပြည့်ဖြိုးအောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)ဖြင့် လည်းကောင်း၊ကျော်မင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)၊၅၀(ည)ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

#PAN