မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး ဆွေးနွေး

ဇူလိုင် ၇

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုနှင့်   ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေးအတွက် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ နှင့် ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်း တို့သည် ၆-၇-၂၀၂၃ ရက်တွင် ဆိုးလ်မြို့ရှိ Panko Co., Ltd. ရုံးချုပ်သို့ သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။ Panko Co., Ltd. သည် ဗီယက်နမ်နိုင်ငံတွင် အထည်ချုပ်စက်ရုံ၊ ချည်ထည်ယက်လုပ်သည့် စက်ရုံနှင့် ဆိုးဆေးစက်ရုံများ တည်ထောင်ထားရှိပြီး မြန်မာနိုင်ငံတွင် အလုပ်သမား ၂,၄၀၀ ကျော်ဖြင့် အထည်ချုပ်စက်ရုံတစ်ရုံ တည်ထောင်ထားရှိရာ ထပ်မံရင်းနှီးမြှုပ်နှံမှုများပြုလုပ်စေလိုကြောင်းနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ဖိတ်ခေါ်ခဲ့ပါသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆိုးလ်မြို့ရှိ Four Seasons Hotel ၌ Korea Importers Association (KOIMA) ဥက္ကဋ္ဌ Mr. Kim Byung-kwan နှင့် တွေ့ဆုံကာ ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များနှင့် ရေထွက်ပစ္စည်းများ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် မြန်မာနိုင်ငံမှ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် KOIMA မှ နှစ်စဉ် ကျင်းပပြုလုပ်သော Korea Import Fair တွင် မြန်မာနိုင်ငံမှ ကုန်စည်များ ပါဝင်ပြသသွားရေးနှင့် နှစ်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်သွားရေး ကိစ္စတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

#PAN