ဂျီ-၇၇ အုပ်စု၏ Vienna Chapter ထူထောင်သည့် (၂၅) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

ဇွန် ၁

     ဂျီ-၇၇ အုပ်စု၏ Vienna Chapter ထူထောင်သည့် (၂၅) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ၃၁-၅-၂၀၂၃ ရက်တွင် ဗီယင်နာမြို့ရှိ Vienna International Centre ၌ ကျင်းပခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပါသည်။

      အခမ်းအနားတွင် ဂျီ-၇၇နှင့်တရုတ်အုပ်စု (Vienna Chapter) ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ပါကစ္စတန်အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Aftab Ahmad Khokher ၊ ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂရုံး(UNOV)ညွှန်ကြားရေးမှူးချုပ် Ms. Ghada Fathi Waly ၊ ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) ညွှန်ကြားရေးမှူးချုပ် Mr. Gerd Muller ၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၊ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ်အဖွဲ့အစည်း (CTBTO) ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဥပဒေဆိုင်ရာ ကုလသမဂ္ဂကော်မရှင် (UNCITRAL) ၊ အာကာသဟင်းလင်းပြင်ဆိုင်ရာ ကုလသမဂ္ဂရုံး (UNOOSA) တို့မှ ကိုယ်စားလှယ်များ၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ဂျီ-၇၇နှင့်တရုတ်အုပ်စု (Vienna Chapter) အလှည့်ကျဥက္ကဋ္ဌများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကော်စတာရီကာနိုင်ငံနှင့် မော်ရိုကိုနိုင်ငံအမြဲတမ်းကိုယ်စားလှယ်များက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။

      ဂျီ-၇၇ အုပ်စုကို ၁၅-၆-၁၉၆၄ ရက်တွင် ဂျီနီဗာမြို့၌ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၇၇) နိုင်ငံဖြင့် စတင်တည်ထောင်ခဲ့ပြီး၊ ဂျီ-၇၇ အုပ်စု၏ Vienna Chapter ကို ၁၉-၅-၁၉၉၈ ရက်တွင် ထူထောင်ခဲ့ကြောင်း၊ ဂျီ-၇၇ အုပ်စုကို တရုတ်နိုင်ငံက နိုင်ငံရေးအရ အစဉ်ထောက်ခံမှုပေးခဲ့ပြီး၊ ၁၉၉၄ ခုနှစ်မှ စတင်၍ ဘဏ္ဍာရေးအရပါ ထောက်ပံ့ခဲ့ခြင်းကြောင့် ဂျီ-၇၇နှင့်တရုတ်အုပ်စုအဖြစ် ပြောင်းလဲ သုံးနှုန်းခဲ့ကြောင်း၊ ယခုအခါ ဂျီ-၇၇နှင့်တရုတ်အုပ်စုတွင် ကုလသမဂ္ဂအဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၁၃၄) နိုင်ငံရှိပြီး၊ ဂျီ-၇၇ အုပ်စု Chapter များအဖြစ် Liaison Office များကို ဂျီနီဗာ၊ နိုင်ရိုဘီ၊ ပါရီ၊ ရောမနှင့် ဗီယင်နာမြို့တို့တွင် ဖွင့်လှစ်ထားရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်​ပြန်ထားပါသည်။

#PAN