(၃၇) ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

မေ ၃၀

      နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ၂၂-၅-၂၀၂၃ ရက်မှ ၂၆-၅-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် (၃၇) ကြိမ်မြောက် အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံမှ AICHR ကိုယ်စားလှယ် H.E. Wahyuningrum က သဘာပတိအဖြစ် ဆောင်ရွက်၍ AICHR ကိုယ် စားလှယ်များ၊ AICHR ကိုယ်စားပြုပုဂ္ဂိုလ်များ၊ AICHR ကိုယ်စားလှယ်၏ လက်ထောက်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် AICHR (၅)နှစ်တာ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး AICHR ၏ ဦးစားပေးအစီအစဉ်များ/ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၊ ပညာရေးဆိုင်ရာ အခွင့်အရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ ကလေးသူငယ်နှင့် အမျိုးသမီးများ၏ အခွင့်အရေး၊ သတင်းအမှားများ၊ အမုန်းစကားနှင့် လူ့အခွင့်အရေး၊ အစွန်းရောက်မှုများနှင့် အကြမ်းဖက်မှုများကို ခံစားရသည့် ဒုက္ခသည်များအား ကာကွယ်ပေးရေးနှင့် နှိပ်စက်ညှင်းပန်းမှုများ ကာကွယ်ဆန့်ကျင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြပါသည်။

       အစည်းအဝေးတွင် ဒေသတွင်း လူ့အခွင့်အရေး ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ ဖြစ်သည့် လူ့အခွင့်အရေးနှင့် ဆက်စပ်သည့် နိုင်ငံအဆင့် ဥပဒေစည်းမျဉ်းအသစ်များကိစ္စ၊ အဖွဲ့ဝင်နိုင်ငံများက လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်မှုများကိစ္စတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

     AICHR မြန်မာကိုယ်စားလှယ်က အာဆီယံတူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်မှု၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဒီမိုကရေစီ ဖော်ဆောင်မှုအတွက် ကြိုးပမ်းမှုများ၊ အကျဉ်း သားများ ပြစ်ဒဏ်လျှော့ပေါ့ပေးမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်လျက်ရှိမှု၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါအတွက် မြန်မာနိုင်ငံအစိုးရမှ AHA စင်တာ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အရေးပေါ်ကြိုတင်ပြင်ဆင်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်ချက်များကို အစည်းအဝေးသို့ အသိပေးခဲ့ပါသည်။

        အစည်းအဝေးကာလအတွင်း AICHR ကိုယ်စားလှယ်များသည် သတင်းအချက်အလက် တာဝန်ယူမှုဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ အာဆီယံတက္ကသိုလ်များကွန်ရက်-လူ့အခွင့်အရေးဆိုင်ရာ ပညာရေးအစီအစဉ်မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

        ယင်းနောက် AICHR ကိုယ်စားလှယ်များ သည် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်နှင့်လည်းကောင်း၊ အမေရိကန်နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံသည့် အစည်းအဝေးများကိုလည်းကောင်း၊ AICHR နှင့် ဆွေးနွေးညှိနှိုင်းမှုဆက်ဆံရေး ထူထောင်ထားသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် (၄) ကြိမ်မြောက် တွေ့ဆုံပွဲကိုလည်းကောင်း ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
#PAN