ရုရှားနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ ပြည်ခိုင်ဖြိုးပါတီတို့အကြား ဆက်ဆံရေးမြင့်မားကောင်းမွန်စေဖို့ ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့

မေ ၃၀

    မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara – Ool ဟာ ရုရှားနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ ပြည်ခိုင်ဖြိုးပါတီတို့အကြား ဆက်ဆံရေးမြင့်မားကောင်းမွန်စေဖို့ ရည်ရွယ်ပြီး ပြည်ခိုင်ဖြိုးပါတီနဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုကို ယမန်နေ့ ညနေ ၄ နာရီခွဲက နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဘက်က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

    နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပါတီတွေနဲ့ ပြည်ခိုင်ဖြိုးပါတီတို့အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် တွေ့ဆုံးဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက ဆိုပါတယ်။

     တွေ့ဆုံပွဲ့မှာ ဒူးမားလွတ်တော် ဒုတိယဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၇ ဦးနဲ့အတူ ပြည်ခိုင်ဖြိုးပါတီက ပါတီဥက္ကဋ္ဌ ဦးခင်ရီ အပါအဝင် ပါတီထိပ်ပိုင်းခေါင်း‌ဆောင် ၇ ဦးတို့ အပြန်အလှန်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

   အဲဒီတွေ့ဆုံပွဲမတိုင်မီ ဒူးမားလွတ်တော် ဒုတိယဥက္ကဋ္ဌနဲ့အဖွဲ့ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ကို အဲဒီနေ့ မွန်းလွဲပိုင်းက တွေ့ဆုံခဲ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

#PAN