မိုခါကြောင့် ပျက်စီးသွားတဲ့ မြောက်ဦး၊ ပုဏ္ဏားကျွန်း စစ်တွေ၊ ရသေ့တောင်မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေးဆောင်ရွက်နေ

PAN- မေ ၂၉

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ မြောက်ဦး၊ ပုဏ္ဏားကျွန်း စစ်တွေ၊ ရသေ့တောင်မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းတွေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

၂၃၀ ကေဗွီ မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းနဲ့ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းတို့ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အဖွဲ့ ၁၆ ဖွဲ့ လူအင်အား ၅၆၇ ဦး၊ ယာဉ်ယန္တရား ၆၂ စီးတို့နဲ့ ပြင်ဆင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်ကို ဓာတ်အားပို့လွှတ်ပေးနေတဲ့ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း – ရသေ့တောင် ဓာတ်အားလိုင်းက တာဝါတိုင် ၇ တိုင်၊ ရသေ့တောင်မြို့ပေါ်ကို ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ ၁၁ ကေဗွီ/ ၄၀၀ ဗို့ ဓာတ်အားလိုင်းက ဓာတ်တိုင် ၇၆ တိုင်နဲ့ ထရန်စဖော်မာ ၂ လုံးတို့မှာ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့တာကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဝန်ထမ်း ၉၂ ဦး၊ ယာဉ်ယန္တရား ၆ စီးတို့နဲ့ ရသေ့တောင်မြို့ပေါ်က ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေကို ပြင်ဆင်ဆောင်ရွက်ခဲ့ရာ မေလ ၂၆ ရက်အထိ ၁၁ ကေဗွီ/ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၃၄ တိုင် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရှိနေသေးတဲ့ ဓာတ်အားလိုင်းတွေကိုလည်း လာမယ့် ဇွန်လ ပထမပတ်အတွင်းမှာ ပြီးစီးအောင် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဆီက သိရပါတယ်။

PAN