ဆီး ဝမ်း လေမှန်စေမည့် ဆေးဖက်ဝင်ပုံးရည်ကြီး

မြန်မာ့ရိုးရာအစားအစာ ဟင်းလျာများထဲတွင် ပုံးရည်ကြီးဟင်းလျာသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မြန်မာပြည်၏ ပုဂံ၊ ညောင်ဦး ပုံးရည်ကြီးကို မြန်မာသာမက ကမ္ဘာကပါသိရှိပြီး ဖြစ်ပါတယ်။ ကြာကြာ အထားခံစေရန်နှင့်   အလွယ်တကူ သယ်ယူသွားနိုင်ရန်အတွက် ပုံးရည်ကြီးကို အနှစ် (အပျော့)နှင့် အမှုန့်ဟူ၍ နှစ်မျိုးထုတ်လုပ်ထားကြပါတယ်။ အမှုန့်က သယ်ဆောင်ထားသိုရပိုမိုလွယ်ကူသော်လည်း အနှစ်(အပျော့) လောက်  အနံ့အရသာ လေးပင်မှုမရှိတာတွေ့ရပါတယ်။

မြန်မာ့ရိုးရာအစားအစာဖြစ်တာကြောင့် မြန်မာမှန်လျှင် ပုံးရည်ကြီးပြုလုပ်နည်းကိုတော့ အကြမ်းဖျင်းအားဖြင့် ကြားဖူးနားဝသိထားသင့်ပါတယ်။ ပုံးရည်ကြီးပြုလုပ်နည်းက ဒီလိုပါ။

  • ဦးစွာပထမ ပဲပိစပ်ကို သန့်အောင်ရွေး၍ ရေဆေးပြီး ပဲတစ်ဆ ရေသုံးပုံတစ်ပုံ ခန်းအောင်ပြုတ် ရပါတယ်။ ပြုတ်ရည်ကို စစ်ယူထားပါ။
  • ပြီးနောက် အဖတ်၏ သုံးဆရှိသော ရေထပ်ရောပြီး သုံးပုံတစ်ပုံခန်းအောင် ကျိုချက်ကာ အရည်ကို စစ်ယူပါ။ ၎င်းနည်းအတိုင်း သုံးကြိမ်လုပ်၍ အရည်အားလုံးကို ရောမွှေရပါတယ်။
  • သုံးရက်ခန့်ထား၍ ချဉ်အောင်ပြုလုပ်ရပါတယ်။ အဲဒီအခါ ပျစ်ချွဲလာအောင် ကျိုပေးရပါတယ်။ ပျစ်လေကောင်းလေဖြစ်ပြီး လေလုံအိုးထဲမှာ သိမ်းဆည်းထားရပါတယ်။ အရည်အသွေးကောင်း တဲ့  ပုံးရည်ကြီး၏ အရသာမှာ ချဉ်-ဆိမ့်-မွှေး-ချို ဖြစ်ပါတယ်။

ပုံးရည်ကြီးအတွက် အဓိကအသုံးပြုသောပစ္စည်းဟာ ပဲပိစပ်ဖြစ်တာကြောင့် ပဲပိစပ်၏ အာဟာရတန်ဖိုးဟာ  ပုံးရည်ကြီး၏ အာဟာရတန်ဖိုးပဲ ဖြစ်ပါတယ်။ ပဲပိစပ်ကိုဆေးသိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ ကာဗိုဟိုက် ဒရိတ် ၅၅ ရာခိုင်နှုန်း၊ ပရိုတင်း (ခေါ်) အသားဓာတ် ၂၂ ရာခိုင်နှုန်း၊ ရေငွေ့ဓာတ် ၁၁ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၅ ရာခိုင်နှုန်း၊ သတ္တုဓာတ်  ၃ ရာခိုင်နှုန်းစသဖြင့် ကျန်းမာရေးအကျိုးပြုဓာတ်တွေ အသီးသီးပါရှိနေကြပါတယ်။

မြန်မာ့ဆေးကျမ်းများ၏ အလိုအရ ပဲပိစပ်သည် ဖန်၏။ အေး၏။ အနည်းငယ်ချဉ်၏။  ၎င်းအစေ့ကိုပြုတ်၍စားလျှင် ဝမ်း၊ လေ တို့ကိုချုပ်စေတတ်၏။ ရင်ပြည့်စေတတ်၏။ သွေးသည်းခြေကို ပျက်စေတတ်၏။ ပန်းနာ၊ ချောင်းဆိုးနာ၊ သလိပ်နာ၊ လေနာ၊ မောဟိုက်သောအနာ၊ ကျောက်တည်သောအနာ၊ နှာစေးနာ၊ အဆီအခဲအနာ၊ ပိုးနာ၊ ရင်ဘတ်နာ၊ ချွေးငုပ်သောအနာတို့ကို ပျောက်ကင်းစေတတ်၏။

၎င်းပဲပိစပ်တို့အား ကျက်စွာပြုတ်ကျို၍ အဖတ်ကိုပစ်၊ အရည်ကိုစစ်ယူပြီးလျှင် တစ်ဖန်ပျစ်လာအောင် ကျိုချက် သော် ပုံးရည်ကြီးဖြစ်လာ၏။ ၎င်းပုံးရည်ကြီး ရသဓာတ်သွားကား ချဉ်ဖန်ခြင်း၊ အတန်ငယ်ဆိမ့်ခြင်း ရှိ၏။ ဆီး၊ ဝမ်း၊ လေတို့ကို မချုပ်စေတတ်။ ဝမ်းကိုပျော့စေတတ်၏။ ထက်၏။ ပူ၏။ ကြေလွယ်၏။ နှုတ်ကိုမြိန်စေတတ်၏။ အစာကို ကြေစေတတ်၏။ အဖျားနာတို့ကိုနိုင်၏။ ပုံးရည်ကြီးကို လိမ်းနယ်ခြင်း၊ စားသောက်ခြင်းတို့ဖြင့် လေ၊  သလိပ်တို့ကို နိုင်၏။ ချဉ်သောကြောင့် တေဇောပူကို ကြွစေတတ်၏။ ၎င်းပုံးရည်ကြီးသည် မီးယပ်နာနှင့် သင့်မြတ်၏ဟု အကျယ်တဝင့် ဆိုထားပါတယ်။

ပုံးရည်ကြီးစားဖွယ်စုံ

(၁)       ပုံးရည်ကြီးကို အများအားဖြင့် အစိမ်းလိုက်သုပ်၍ အရန်ဟင်းအမယ်အဖြစ် စားသုံးလေ့ရှိကြပါတယ်။   ပုံးရည်ကြီးကို အသားတစ်မျိုးမျိုးနှင့် ရောချက်စားတဲ့အခါမှာ ဝက်သားက ပုံးရည်ကြီးနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါ တယ်။ အဲဒီလိုချက်ရာမှာ ပုံးရည်ကြီးရဲ့ ချဉ်ဖြုံးဖြုံး ဆိမ့်ဆိမ့်အရသာတွေ ဝက်သားထဲသို့ဝင်သွားစေရန်အတွက်  ဝက်သားမကျက်မီ ဟင်းအိုးထဲသို့ ပုံးရည်ကြီးကိုရောထည့်၍ မီးအေးအေးဖြင့် ချက်ပေးရပါမယ်။ ရေမကျန်ဘဲ ဆီပြန်ဟင်းဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ ရေကျန်နေပါက ပွစိစိဖွယ်တယ်တယ်ဖြစ်တတ်ပြီး အနံ့အရသာ လည်း ရာနှုန်းပြည့်မကောင်းနိုင်တော့ပေ။

(၂)       ဝက်သားမစားသူက အဆီဓာတ်ပါသော ငါးများဖြစ်ကြသော ငါးမြင်း သို့မဟုတ် ငါးတန် သို့မဟုတ် ငါးအုံတုံ (အထက်အညာဒေသအခေါ် ငါးတစ်မျိုး) တို့ကို ပုံးရည်ကြီးဖြင့် ခံတွင်းမြိန်မြိန် ချက်စားကြပါတယ်။

(၃)       ခေါက်ဆွဲပြုတ်ထဲကို ပုံးရည်ကြီးအနှစ်ထည့်၍ ကိုရီးယားစတိုင် အရသာရှိရှိ စားနိုင်ပါတယ်။

(၄)       ပုံးရည်ကြီးကြော်ကလည်း  အရသာရှိလှပါတယ်။  သို့သော်  လုပ်စားကြသူနည်းပါတယ်။ ပုံးရည်ကြီးကြော် က မည်သည့်ဟင်းနဲ့မဆို လိုက်ဖက်ပြီး တာရှည်အထားခံပါတယ်။ ပုံးရည်ကြီးကြော်ကို ထမင်းနဲ့နယ်ဖတ်ပြီး  ထမင်းသုပ်အဖြစ် စားသုံးနိုင်ပါတယ်။  ထမင်းလည်းမြိန်စေ၊ ကျန်းမာရေးနဲ့လည်းညီစေမယ့် ပုံးရည်ကြီးကြော် လုပ်နည်းကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

  • ဦးစွာ ကြက်သွန်နီကိုပါးပါးလှီး၍ ဒယ်အိုးတစ်လုံးထဲမှာ ဆီသတ်ပါ။ နနွင်းအနည်းငယ်ထည့်ပါ။ ကြက်သွန်နီတွေ ကြွပ်ရွလာတဲ့အခါ အဖတ်တွေကိုဆယ်ထားပါ။ ပူလွန်းနေတဲ့ဆီကိုလည်း အနည်းငယ် အေးသွားအောင် မီးဖိုပေါ်ကခေတ္တချပါ။
  • ပူလွန်းတဲ့ဆီမှာ ပုံးရည်ကြီးကိုထည့်ပြီးဆီသတ်ပါက တူးခြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဆီမပူတပူ အနေတော်လောက်မှာ ကြက်သွန် ဖြူကို မညက်တညက်ထောင်းပြီး ဆီသတ်ပါ။
  • ကြက်သွန်ဖြူနွမ်းသွားတဲ့အချိန်မှာ ပုစွန်ခြောက်အမှုန့်ကိုထည့်ပြီး ဆီသတ်ပါ။
  • ပြီးရင် ပုံးရည်ကြီးကိုဆီသတ်ပါ။
  • ဆားနှင့် အရသာမှုန့်တို့ကို သင့်ရုံထည့်ပါ။
  • ဆား၊ အရသာမှုန့်၊ ဆီနဲ့ပုံးရည်ကြီးတို့ ရောသမသွားစေရန်အတွက် ရေနွေးအနည်းငယ်ထည့်၍ မွှေပေးပါ။
  • မီးအနေတော်နှင့်မကြာမကြာမွှေပေးပါ။
  • ပုံးရည်ကြီးအနေတော်ကျက်ရင် မီးဖိုပေါ်က ချနိုင်ပါပြီ။
  • စားခါနီးမှာ စောစောကဆယ်ထားခဲ့သောကြက်သွန်နီကြော်များကို အပေါ်ကဖြူးပေးပါ။

မှတ်ချက်

ပုံးရည်ကြီး၏ မူလသဘောသဘာဝအရ ပဲပိစပ်ကို အချဉ်ဖောက်ထားတာကြောင့် တချို့သူတွေမှာ ဝမ်းဗိုက် မအီမသာ ဖြစ်တတ်ပါတယ်။ ထိုပြဿနာ မဖြစ်ရလေအောင်ပုံးရည်ကြီးဟင်းလျာများအားလုံးတွင် ကြက်သွန်ဖြူကို မဖြစ်မနေထည့်သုံးပေးသင့်ပါတယ်။ ကြက်သွန်ဖြူက ဝမ်းမပျက်အောင်ထိန်းပေးနိုင်ပြီးဆီးရွှင်၊ လေရွှင်စေပါတယ်။

သတိပြုရန်

(က)ပုံးရည်ကြီးကို ကြော်တဲ့အခါတွင်လည်းကောင်း၊ ဝက်သား၊ ငါးတို့ဖြင့် ပုံးရည်ကြီးဟင်းလျာချက်သော အခါတွင်လည်းကောင်း မီးပြင်းပြင်း မလိုအပ်ပေ။ မီးပြင်းလွန်းပါက အောက်ခြေတူး၍ ကပ်တတ်ပါတယ်။ မီးအနေတော်ဖြင့်   မကြာခဏအိုးဖွင့်၍ မွှေပေးဖို့လိုပါတယ်။

(ခ) ပုံးရည်ကြီး ဟင်းလျာ အမျိုးမျိုးတို့အတွက် ဆီကို မနှမြောသင့်ပါဘူး။  ဆီနည်းလွန်းပါက  စား၍လည်းမကောင်း ဟင်းအပြင်အဆင်လည်း မလှဖြစ်တတ်ပါတယ်။   ။

ပေါက်ပေါက်